မြန်မာနိုင်ငံအခြေစိုက် ဆေးဝါးကုမ္ပဏီတစ်ခုသည် မြောက်မာရီယာနာကျွန်းစုတွင် ဆေးဝါးထုတ်လုပ်ရေးစက်ရုံ တည်ထောင်ရန် စီစဉ်နေကြောင်း Marianas Variety သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ယင်းသည် မာရီယာနာကျွန်းစုအတွက် လုပ်ငန်းကဏ္ဍသစ်တစ်ခု၏ အခြေခံအုတ်မြစ်ကို ချမှတ်ပေးနိုင်လိမ့်မည်ဟု ဓနသဟာယစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအာဏာပိုင်အဖွဲ့ (CEDA) ၏ ဘုတ်အဖွဲ့ဝင် မိုက်ဆာဘလန်က ပြောကြားခဲ့သည်။
CNMI Investment LLC အမည်ဖြင့် လုပ်ငန်းလည်ပတ်မည့် အဆိုပါဆေးကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံသူသည် ဆိုင်ပန်ကျွန်းသို့ သုံးကြိမ်တိုင်တိုင် လာရောက်လေ့လာခဲ့ပြီးဖြစ်ကာ CNMI ၏ လုပ်ငန်းအရည်အချင်းစစ်လက်မှတ်ကို တရားဝင် လျှောက်လွှာတင်ထားပြီးဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာတွင် Pacific Pharmaceuticals အမည်ဖြင့် လူသိများသော အဆိုပါကုမ္ပဏီသည် လက်ရှိတွင် မြန်မာနိုင်ငံ၌ ဆေးဝါးထုတ်လုပ်ရေးစက်ရုံတစ်ရုံနှင့် ကယ်လီဖိုးနီးယားပြည်နယ် ရန်ချို ကျူကမ်မွန်ဂါမြို့တွင် အခြားစက်ရုံတစ်ရုံကို ဖွင့်လှစ်ထားကြောင်း ဆာဘလန်က ဆိုသည်။
“သူတို့ဟာ ပြီးခဲ့တဲ့နှစ် ဒါမှမဟုတ် အဲဒီမတိုင်ခင်နှစ်က ဂူအမ်ကျွန်းကို သွားရောက်ခဲ့ချိန် အတွင်း CNMI အကြောင်း ကြားသိခဲ့တာပါ။ ဂူအမ်မှာရှိနေတုန်း စီးပွားရေးလုပ်ငန်းတွေအတွက် CNMI က ပေးစွမ်းနိုင်တဲ့ အခွင့်အလမ်းတွေအကြောင်း သိရှိခဲ့ပြီး၊ ပြီးခဲ့တဲ့ ဧပြီလလောက်မှာ သူတို့ ဒီဘက်ကို လာရောက်ခဲ့ကြတာပါ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဆာဘလန်၏ အဆိုအရ ကုမ္ပဏီ၏ ပထမဆုံး ဆိုင်ပန်ခရီးစဉ်သည် အချက်အလက်ရှာဖွေရေးဖြစ်ပြီး ထိုခရီးစဉ်အတွင်း CEDA က ရင်းနှီးမြှုပ်နှံသူများကို လုပ်ငန်းလိုင်စင်ထုတ်ပေးသည့် အေဂျင်စီများ၊ သင်္ဘောလိုင်းများနှင့် အခြား စည်းမျဉ်းထိန်းသိမ်းရေးရုံးများနှင့် မိတ်ဆက်ပေးခဲ့သည်။ ဒုတိယအကြိမ် လာရောက်လည်ပတ်ပြီးနောက်တွင်မူ ကုမ္ပဏီသည် CNMI ၌ လုပ်ငန်းများစတင်ရန် စိတ်ဝင်စားမှုရှိကြောင်း ပြသခဲ့သည်။
လွန်ခဲ့တဲ့ နှစ်လခန့်က တတိယအကြိမ်မြောက် လာရောက်လည်ပတ်ချိန်တွင် ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခဲ့ပြီး လုပ်ငန်းအရည်အချင်းစစ်လက်မှတ် (QC) လျှောက်ထားမှုလုပ်ငန်းစဉ်များကို ကူညီရန်အတွက် ပြည်တွင်းအတိုင်ပင်ခံတစ်ဦးကို ငှားရမ်းခဲ့သည်ဟု ဆာဘလန်က ဆိုသည်။
ကုမ္ပဏီသည် ကနဦးတွင် ဆရာဝန်လက်မှတ်မလိုဘဲ ဝယ်ယူနိုင်သည့် ဆေးဝါးများကို ထုတ်လုပ်ရန် စီစဉ်ထားပြီး နောက်ပိုင်းတွင် ဆရာဝန်ညွှန်ကြားချက်ဖြင့် ဝယ်ယူရသည့် ဆေးဝါးများထုတ်လုပ်မှုအထိ တိုးချဲ့သွားရန် အလားအလာရှိသည်။
ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာသန်းနှင့်ချီရှိမည်ဟု ဆာဘလန်က ပြောကြားသော်လည်း တိကျသော ကိန်းဂဏန်းကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ လက်ရှိတွင် ကုမ္ပဏီသည် စက်ရုံနှင့် ဂိုဒေါင်အတွက် နေရာရှာဖွေနေကြောင်း သတင်းတွင် ဖော်ပြထားသည်။
Ref: Marianas Variety
Photo- Pacific Medical Industries Ltd.'s Facebook















