အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲအတွင်း အမေရိကန်၏ စွမ်းဆောင်ရည်ကို ၁၀ မှတ်ပေးရမည်ဆိုလျှင် ၁၅ မှတ် အဆင့်ရှိသည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မတ် ၄ ရက်တွင် ပြောကြားခဲ့ပြီး အီရန်ခေါင်းဆောင်များ ကို လျင်မြန်စွာ သုတ်သင်ရှင်းလင်းနေကြောင်းနှင့် စစ်ပွဲကို ဆက်လက်ဆင်နွှဲသွားမည်ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့သည်။
သီရိလင်္ကာကမ်းလွန်တွင် အမေရိကန် ရေငုပ်သင်္ဘောတစ်စင်းက အီရန်စစ်သင်္ဘောတစ်စင်းကို နှစ်မြှုပ်လိုက်ခြင်းနှင့် အရှေ့အလယ်ပိုင်းဒေသတစ်ဝန်းတွင် ပေါက်ကွဲမှုအသစ်များ ဖြစ်ပွားခြင်း တို့နှင့်အတူစစ်ပွဲ၏ ငါးရက်မြောက်နေ့တွင် ထရန့်က ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ စစ်မျက်နှာမှာ အခြေအနေ တော်တော်ကောင်းနေပါတယ်။ တစ်ယောက်ယောက်က ၁၀ မှတ်ပေးရမယ်ဆိုရင် ဘယ်လောက်အဆင့်သတ်မှတ်မလဲလို့ မေးတော့ ကျွန်တော်က ၁၅ မှတ်လောက်ရှိတယ်လို့ ပြောလိုက်တယ်" ဟု ထရန့်က အိမ်ဖြူတော်၌ နည်းပညာကုမ္ပဏီအကြီးအကဲများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
"အခု ကျွန်တော်တို့က အလွန်အသာစီးရတဲ့ အနေအထားမှာ ရှိနေပြီး သူတို့ရဲ့ ခေါင်းဆောင်ပိုင်းတွေလည်း လျင်မြန်စွာ လျော့ပါးသွားပါပြီ။ ခေါင်းဆောင်လုပ်ချင်တဲ့သူတိုင်း အဆုံးသတ်မှာ အသတ်ခံနေရတယ်" ဟု ထရန့်က ဆိုသည်။
ထို့အပြင် အီရန်၏ ပဲ့ထိန်းဒုံးကျည်အမြောက်အမြားမှာလည်း လျင်မြန်စွာ ဖျက်ဆီးခံနေရသည်ဟု ထရန့်က ထည့်သွင်းပြောဆိုခဲ့သည်။
အီရန်ကို တိုက်ခိုက်ရသည့် အကြောင်းရင်းမှာ အီရန်သည် နျူကလီးယားလက်နက် ပိုင်ဆိုင်ရန် နီးစပ်နေသောကြောင့်ဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ပြီး "ရူးသွပ်တဲ့သူတွေလက်ထဲမှာ နျူကလီးယားလက်နက်ရှိနေရင် ဆိုးရွားတဲ့အရာတွေ ဖြစ်လာတတ်တယ်" ဟု ထရန့်က ဆိုသည်။
Ref:AFP














