စက်သုံးဆီအလုံအလောက်ရှိသဖြင့် လိုအပ်သလောက်သာဝယ်ယူကြရန်နှင့် စိုးရိမ်စိတ်ကြောင့် မလိုအပ်ဘဲ အချိန်ကုန်ခံ၍ တန်းစီဝယ်ယူခြင်း မပြုကြရန် စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက မတ် ၅ ရက်တွင် ထုတ်ပြန်သည်။
မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းသည် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အများပြည်သူသို့ စက်သုံးဆီများ တင်သွင်းရောင်းချဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
လတ်တလောဖြစ်ပေါ်နေသော အရှေ့အလယ်ပိုင်းဒေသ ကိစ္စရပ်များကြောင့် ပြည်ပမှစက်သုံးဆီတင်သွင်းရာတွင် ယာယီကြန့်ကြာမှုအချို့ရှိနိုင်သော်လည်း ပြည်သူလူထု၏ လိုအပ်ချက်များအတိုင်း စဉ်ဆက်မပြတ် ဖြန့်ဖြူးရောင်းချပေးနိုင်ရန် အရန်စက်သုံးဆီများကို လုံ လောက်စွာ ကြိုတင်စီစဉ် ဆောင်ရွက်ထားပြီးဖြစ်သည့်အပြင် စက်သုံးဆီတင် သင်္ဘောများ အဆက်မပြတ်ဝင်ရောက်လာနေသည့်အတွက် မြန်မာနိုင်ငံတွင် စက်သုံးဆီပြတ်လပ်မှု လုံးဝ မရှိနိုင်ကြောင်း အသိပေးကြေညာအပ်သည်ဟု ပါရှိသည်။
သို့ဖြစ်၍ ပြည်သူလူထုအနေဖြင့် စက်သုံးဆီနှင့်ပတ်သက်၍ စိုးရိမ်ကြောင့် ကြမှုမရှိကြပါရန်၊အတတ်နိုင်ဆုံးခြိုးခြံသုံးစွဲခြင်းဖြင့်အားလုံးလုံလောက်စွာသုံးစွဲနိုင်ရေး ကူညီ ပေးကြရန်၊ မိမိသုံးစွဲရန် လိုအပ်သလောက်သာဝယ်ယူကြရန် နှင့် စက်သုံးဆီများ အလုံအလောက်ရှိပါသဖြင့် စိုးရိမ်စိတ်ကြောင့် မလိုအပ်ဘဲအချိန်ကုန်ခံ၍ တန်းစီဝယ်ယူခြင်း မပြုကြ ပါရန်မေတ္တာရပ်ခံအသိပေးကြေညာအပ်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက ထုတ်ပြန်သည်။















