အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ မြင့်တက်နေချိန်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့များ တစ်လစာထက်မနည်း အရန်သင့်ရှိနေကြောင်း တရုတ်၊ အိန္ဒိယအပါအဝင် အာရှနိုင်ငံအချို့က ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားနေသည့် ပဋိပက္ခသည် သီတင်းပတ်ပေါင်းများစွာ ကြာမြင့်မည်ဆိုသည့်တိုင် မိမိတို့တွင် ရေနံနှင့် ဓာတ်ငွေ့အရန်အင်အားများ လုံလောက်စွာ ရှိနေသေးကြောင်း အာရှနိုင်ငံများမှ အစိုးရများက အများပြည်သူနှင့် ဘဏ္ဍာရေးဈေးကွက်ကို အာမခံချက်ပေးနိုင်ရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်တွင် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် နေ့စဉ် ရေနံစိမ်းစည်ပေါင်း ၁၃ ဒသမ ၄ သန်းခန့် တင်ပို့ခဲ့ပြီး ထိုပမာဏသည် တစ်ကမ္ဘာလုံးရှိ ပင်လယ်ရေကြောင်း ရေနံကုန်သွယ်မှု စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းခန့် ရှိသည်ဟုဆိုသည်။
အဆိုပါ ရေနံတင်ပို့မှု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်မှာ အာရှနိုင်ငံများသို့ တင်ပို့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံတင်သွင်းမှု အများဆုံးနိုင်ငံဖြစ်ပြီး တစ်နေ့လျှင် ရေနံစည်ပေါင်း ၃ ဒသမ ၈ သန်းခန့် တင်သွင်းနေကာ ယင်းသည် တရုတ်နိုင်ငံ၏ စုစုပေါင်း ရေနံတင်သွင်းမှု၏ ၃၀ ရာခိုင်နှုန်းကျော် ဖြစ်ကြောင်း ကုန်စည်စီးဆင်းမှုဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့အစည်း (Kpler) က ဖော်ပြခဲ့သည်။
တရုတ်ပြီးလျှင် အိန္ဒိယနိုင်ငံက တစ်နေ့လျှင် ရေနံစည်ပေါင်း ၂ သန်း၊ ဂျပန်နိုင်ငံက ၁ ဒသမ ၇ သန်းခန့်နှင့် တောင်ကိုရီးယားနိုင်ငံက ၁ ဒသမ ၆ သန်းခန့်ဖြင့် အစဉ်လိုက် ရှိနေကြသည်။
သဘာဝဓာတ်ငွေ့ရည် (LNG) တင်ပို့မှုတွင်လည်း ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် သယ်ယူပို့ဆောင်သော LNG တန်ချိန် ၈၂ ဒသမ ၃ သန်းအနက် ၈၀ ရာခိုင်နှုန်းကျော်ကို အာရှနိုင်ငံများသို့ပင် တင်ပို့ခြင်းဖြစ်ပြီး တရုတ်နှင့် အိန္ဒိယတို့က အများဆုံးဝယ်ယူခဲ့ကြသည်။
ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားသည့် LNG အများစုမှာ ကာတာနိုင်ငံမှဖြစ်ပြီး ကာတာသည် တစ်ကမ္ဘာလုံးရှိ LNG တင်ပို့မှု၏ ၂၀ ရာခိုင်နှုန်းခန့်ကို တာဝန်ယူထားသည်။
ထို့ပြင် ကာတာနိုင်ငံ၏ LNG တင်ပို့မှုအားလုံးသည် နိုင်ငံတကာဈေးကွက်သို့ မရောက်ရှိမီ ဟော်မုဇ်ရေလက်ကြားကို မဖြစ်မနေ ဖြတ်သန်းသွားရမည် ဖြစ်သည်။
လက်ရှိတွင် ဟော်မုဇ်ရေလက်ကြား၏ စွမ်းအင်ကုန်သွယ်ရေး လမ်းကြောင်းကို အဓိက အားထားနေရသည့် နိုင်ငံများကမူ လောင်စာဆီ ပြတ်လပ်မှု ဖြစ်ပေါ်လာနိုင်ခြေ နည်းပါးကြောင်း ထုတ်ပြန်ခဲ့ကြသည်။
ဂျပန်နိုင်ငံကမူ ၎င်းတို့တွင် ရက်ပေါင်း ၂၅၄ ရက်စာအတွက် လုံလောက်သော ရေနံများရှိကြောင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများတွင်လည်း သီတင်းသုံးပတ်စာအတွက် လုံလောက်သော LNG လက်ကျန်များ ရှိကြောင်း ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံကလည်း စွမ်းအင်လိုအပ်ချက်ကို လအနည်းငယ်ကြာ ဖြည့်ဆည်းပေးနိုင်ရန် လုံလောက်သော ရေနံများ အရန်သင့် ရှိနေကြောင်း ဆိုသည်။
တရုတ်နိုင်ငံတွင် ရက်ပေါင်း ၂၀၀ စာ တင်သွင်းမှုနှင့် ညီမျှသော ရေနံစည်ပေါင်း ၁ ဒသမ ၅ ဘီလျံအထိ သိုလှောင်ထားကြောင်း Societe Generale ရင်းနှီးမြှုပ်နှံမှုဘဏ်၏ ကမ္ဘာလုံးဆိုင်ရာ ကုန်စည်စီးဆင်းမှုဌာန အကြီးအကဲ မိုက်ယ် ဟုချ်က ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံကလည်း နောက်ထပ် ရက်ပေါင်း ၇၄ ရက်စာအတွက် ရေနံအရန်အင်အား ရှိကြောင်း ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံကလည်း ၎င်းတို့တွင် နှစ်လနီးပါးစာအတွက် လုံလောက်သော စွမ်းအင်အရန်အင်အား ရှိကြောင်း ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံက ၎င်းတို့တွင် ရက်ပေါင်း ၂၀ ခန့်စာအတွက် လုံလောက်သော လောင်စာဆီလက်ကျန်ရှိကြောင်းနှင့် အရှေ့အလယ်ပိုင်း ပဋိပက္ခ အရှိန်မြင့်လာလျှင်ပင် ပြည်တွင်းရှိ လောင်စာဆီဈေးနှုန်း ထောက်ပံ့ကူညီမှု အစီအစဉ်များကို ထိခိုက်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံကလည်း အနည်းဆုံး ရက်ပေါင်း ၆၀ စာအတွက် လုံလောက်သော ရေနံအရန်အင်အား ရှိကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချာန်ဝီရာကူလ်က ပြောကြားခဲ့သည်။
Ref: The Nation














