မတ်လ ပထမပတ်မှစ၍ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ်(CEIR) အား စတင်အသုံးပြုမည်

မတ်လ ပထမပတ်မှစ၍ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ်(CEIR) အား စတင်အသုံးပြုမည်
Published 5 March 2026

မတ်လ ပထမပတ်မှစ၍ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) အား စတင်အသုံးပြုဆောင် ရွက်သွားမည်ဖြစ်ကြောင်း CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီက သတင်းထုတ်ပြန်သည်။

မိုဘိုင်းလက်ကိုင်ဖုန်းအသုံးပြုသူပြည်သူများအနေဖြင့် စံချိန်စံညွှန်းနှင့် ကိုက်ညီပြီး နိုင်ငံတော်သို့ ကျသင့်အခွန်များ ပေးဆောင်ထားသည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို ပြည်တွင်းတွင် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန် ၂၀၂၆ ခုနှစ်၊ မတ်လ ပထမပတ်မှစ၍ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေ ခံမှတ်ပုံတင်စနစ် (CEIR) အား စတင်အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လက်ရှိအသုံးပြုနေသော မိုဘိုင်းလက်ကိုင်ဖုန်းများမှာ အခွန်ပေးဆောင်ရန်မလိုဘဲ ဆက်လက်အသုံးပြုနိုင်ရန် CEIR စနစ်ရှိ ခွင့်ပြုစာရင်းတွင် အလိုအလျောက်ထည့်သွင်း ပေးသွား မည်ဖြစ်ကြောင်း၊ အဆိုပါ ခွင့်ပြုစာရင်းတွင် ပါရှိနိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး မိုဘိုင်းလက်ကိုင်ဖုန်းများတွင် ဆက်သွယ်ရေးကွန်ရက် (MPT၊ ATOM၊ Ooredoo၊ Mytel) များ၏ SIM Card များ ထည့်သွင်း၍ ဖွင့်လှစ်အသုံးပြုထားရန်လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့နိုင်ငံအချို့တွင် မိုဘိုင်းလက်ကိုင်ဖုန်းများ အပါအဝင် မိုဘိုင်းကွန်ရက်သုံးဆက်သွယ်ရေး စက်ပစ္စည်းများ၏ ရင်းနှီးအမှတ်အသား (International Mobile Equipment Identity - IMEI Code) ကို ဗဟိုမိုဘိုင်း စက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register - CEIR) ၌ မှတ်ပုံတင်စေ၍ နိုင်ငံအတွင်းရှိ ဆက်သွယ်ရေးကွန်ရက်များနှင့် ချိတ်ဆက်အသုံးပြုခြင်းလုပ်ငန်းစဉ်အား ဆောင်ရွက်လျက် ရှိသဖြင့် မြန်မာနိုင်ငံတွင်လည်း ထိုသို့ဆောင်ရွက်ရခြင်းဖြစ်ကြောင်း CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီက သတင်းထုတ်ပြန်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုဘိုင်းလက်ကိုင်ဖုန်းများနှင့် မိုဘိုင်းကွန်ရက်သုံးဆက်သွယ်ရေးစက်ပစ္စည်းများကို ပြည်ပမှ တင်သွင်းလိုသည့်ကုမ္ပဏီများအနေဖြင့်လည်း လုပ်ထုံးလုပ်နည်းနှင့်အညီ တင်သွင်းဆောင်ရွက်ကြရ မည်ဖြစ်ပြီး ကျသင့်အခွန်များကို ပေးဆောင်ပြီးပါက CEIR စနစ်ရှိ ခွင့်ပြုစာရင်းတွင် ထည့်သွင်းပေးသွား မည်ဖြစ်ကြောင်း၊ ဧပြီလ (၁) ရက်နေ့မှစ၍ ခွင့်ပြုစာရင်းတွင်မပါရှိသည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်များနှင့် စတင်ချိတ်ဆက်အသုံးပြုချိန်မှ ရက်ပေါင်း (၃၀) အတွင်း ယာယီအသုံးပြုခွင့် ရရှိမည်ဖြစ်ပြီး ယင်းကာလအတွင်း ကျသင့်အခွန်နှင့် ဒဏ်ကြေးများ ပေးဆောင်ပြီးမှသာ ဆက်လက်အသုံးပြုခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

မိုဘိုင်းလက်ကိုင်ဖုန်းနှင့် ဖုန်းအမျိုးအစားအလိုက် ရင်းနှီးအမှတ်အသား (International Mobile Equipment Identity - IMEI) ကို ထည့်သွင်းပြီး အွန်လိုင်းမှတစ်ဆင့် ငွေပေးချေမှုနည်းလမ်းများဖြင့် ကျသင့်အခွန်နှင့်ဒဏ်ကြေးများကို ပေးဆောင်နိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများ၌ အင်တာနက်ရရှိရန် ခက်ခဲသောဒေသများရှိ ပြည်သူများအတွက် အဆိုပါဒေသရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးများတွင်ဖြစ်စေ၊ အကောက်ခွန်ဦးစီးဌာနရုံးများတွင်ဖြစ်စေ ကျသင့်အခွန်နှင့်ဒဏ်ကြေးများကို ပေးဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ချက်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အင်တာနက်စာမျက်နှာတွင် လွှင့်တင်ထားသော https://www.ceir.gov.mm ၌ ကြည့်ရှု၍ဖြစ်စေ၊ CEIR Call Center နံပါတ်များဖြစ်သည့် ၁၅၇၇ နှင့် ၁၅၇၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း၍ဖြစ်စေ ဆောင်ရွက်နိုင်ကြောင်း CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီက သတင်းထုတ်ပြန်သည်။

Most Read

Most Recent