အီရန်၏ အဓိပတိခေါင်းဆောင် အလီခါမေနီကို အစ္စရေးက ရှင်းလင်းလိုက်ပြီးနောက် ၎င်း၏နေရာကို ဆက်ခံရန် ရွေးချယ်ခံရသူ မည်သူမဆို ပစ်မှတ်ဖြစ်မည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က မတ် ၄ ရက်တွင် သတိပေးလိုက်သည်။
“အစ္စရေးကို ဖျက်ဆီးဖို့၊ အမေရိကန်နဲ့ လွတ်လပ်တဲ့ကမ္ဘာအပြင် ဒေသတွင်းနိုင်ငံတွေကို ခြိမ်းခြောက်ဖို့၊ အီရန်ပြည်သူတွေကို ဖိနှိပ်ဖို့ ခေါင်းဆောင်နေရာမှာ အီရန်အစိုးရက ဘယ်သူ့ကိုပဲခန့်ခန့် အစ္စရေးက ရှင်းပစ်မယ့်ပစ်မှတ်ဖြစ်လာမှာပါ” ဟု ကတ်ဇ်က X လူမှုကွန်ရက်မှတစ်ဆင့် သတိပေးခဲ့သည်။
"သူ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်မှာပဲပုန်းပုန်း အရေးမကြီးဘူး။ ဝန်ကြီးချုပ်နဲ့ ကျွန်တော်က အခုစစ်ဆင်ရေးရဲ့ ရည်မှန်းချက် တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒီတာဝန်ကို နည်းလမ်းစုံသုံးပြီး အကောင်အထည်ဖော်ဖို့ အစ္စရေးစစ်တပ်ကို ညွှန်ကြားထားတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
အသက် ၈၆ နှစ်အရရယ် ခါမေနီ၏နေရာတွင် ဆက်ခံမည့်သူကို ရွေးချယ်ရန် အီရန်ကျွမ်းကျင်သူများကောင်စီက ပြင်ဆင်နေချိန် ယခုသတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အစ္စရေးမီဒီယာများကမူ အလီခါမေနီ၏ သားဖြစ်သူ မိုဂျ်တာဘာခါမေနီကို ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ထားသည်ဟု ဖော်ပြနေကြသည်။
Ref: AP














