ဒူဘိုင်းသို့ပျံသန်းနေသည့် လေကြောင်းခရီးစဉ်များ ယာယီရပ်ဆိုင်းထားဟု MAI ကြေညာ

ဒူဘိုင်းသို့ပျံသန်းနေသည့် လေကြောင်းခရီးစဉ်များ ယာယီရပ်ဆိုင်းထားဟု MAI ကြေညာ
Published 1 March 2026

Update News

အရှေ့အလယ်ပိုင်း ဒေသတွင်းရှိ နိုင်ငံအချို့က လေကြောင်းပိုင်နက်များကို တစ်ပြိုင်နက် ပိတ်သိမ်းလိုက်ခြင်း ကြောင့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) အနေဖြင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ပျံသန်းမည့် ဒူဘိုင်းခရီးစဉ်အားလုံးကို ယာယီရပ်ဆိုင်းလိုက်ကြောင်း MAI ကအရေးပေါ်ကြေညာချက်အဖြစ် သတင်းထုတ်ပြန်သည်။

MAI က ဒူဘိုင်းသို့ လေကြောင်းခရီးစဉ် ဖျက်သိမ်းမှုကြောင့် ထိခိုက်မှုရှိခဲ့သည့် ခရီးသည်များအတွက် လေကြောင်းလိုင်းက  လေယာဉ်လက်မှတ် ရက်အပြောင်းအလဲပြုလုပ်ခြင်းကို လက်မှတ် လက်ကျန် အခြေနေပေါ်မူတည်၍ တစ်ကြိမ်အခမဲ့ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊  ခရီးသွားကိုယ်စားလှယ်များ သို့မဟုတ် Online Travel Agents များမှတစ်ဆင့် လက်မှတ်ဝယ်ယူထားသူများအနေဖြင့် သက်ဆိုင်ရာ ကိုယ် စားလှယ်များထံ တိုက်ရိုက်ဆက်သွယ် အကူအညီတောင်းခံရန် အကြံပြုကြောင်း ကြေညာခဲ့သည်။

ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ၏ ဘေးကင်းလုံခြုံရေးကို အဓိကဦးစားပေးသောကြောင့် ယခုကဲ့သို့ ရပ်ဆိုင်းရခြင်းဖြစ်ပြီး နောက်ဆုံးရသတင်းများကို MAI ၏ တရားဝင်သတင်းစာမျက်နှာများတွင် စောင့်ကြည့်ရန် လိုအပ်ကြောင်း MAI လေကြောင်းလိုင်းက ထုတ်ပြန်ထားသည်။

အီရန်နိုင်ငံက အရှေ့အလယ်ပိုင်းနိုင်ငံများရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို မစ်ဇိုင်းများဖြင့် လက်တုံ့ပြန်တိုက်ခိုက်သည့်အချိန်တွင် ယင်းနိုင်ငံများရှိ လေဆိပ်များကို အရေးပေါ်ပိတ်ထားသည်ဟု သိရသည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် ဒူဘိုင်းမြို့၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာပေါ်တွင် နိုင်ငံတကာခရီးသည် အဝင်အထွက်အများဆုံး ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ် (DXB) နှင့် ဒူဘိုင်းဝေါလ်စင်ထရယ် (DWC) လေဆိပ်တို့ရှိ ပျံသန်းရေးလုပ်ငန်းစဉ်အားလုံးကို နောက်ထပ်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း ရပ်ဆိုင်းထားကြောင်း လေဆိပ်နှစ်ခုရှိတာဝန်ရှိသူများက အတည်ပြုခဲ့သည်။

ယူအေအီး၊ ကာတာ၊ ဘာရိန်း၊ ဂျော်ဒန်၊ လက်ဘနွန်၊ အစ္စရေး၊ အီရန်၊ အီရတ်နှင့် ဆော်ဒီအာရေးဗျနိုင်ငံတို့တွင် ဝေဟင်ပိုင်နက်များကို ပိတ်လိုက်သဖြင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လေကြောင်းခရီးစဉ်များ ပြတ်တောက်လျက်ရှိသည်။

Most Read

Most Recent