■ အစောပိုင်းတွင် ခါမေနီ၏မိသားစုဝင်များ သေဆုံးသည့်သတင်းကိုသာ အီရန်ဘက်က ထုတ်ပြန်ခဲ့
အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုအတွင်း အီရန်အဓိပတိခေါင်းဆောင် အယာတိုလာ အလီခါမေနီကို သုတ်သင်နိုင်ပြီဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြေညာလိုက်ကာ အီရန်နိုင်ငံပိုင်မီဒီယာကလည်း ထိုသတင်းကို မတ် ၁ ရက်တွင် အတည်ပြုလိုက်ပြီဖြစ်သည်။
ခါမေနီ၏ သမီးဖြစ်သူ၊ မြေးဖြစ်သူ၊ ချွေးမနှင့် သမက်ဖြစ်သူတို့ သေဆုံးသွားသည့်သတင်းကိုသာ အီရန်နိုင်ငံပိုင်မီဒီယာများက အစောပိုင်းတွင်ဖော်ပြခဲ့ကြပြီး ခါမေနီသတင်းကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
ဖလော်ရီဒါပြည်နယ်ရှိ ၎င်း၏ မာရာလာဂိုအပန်းဖြေစခန်းမှနေ၍ အီရန်စစ်ဆင်ရေးကို စောင့်ကြည့်နေသည့် ထရန့်က ခါမေနီ သေဆုံးပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်ခဲ့သည်။
အတည်ပြုသတင်း ထွက်မလာမီ အီရန်သတင်းဌာနများဖြစ်သည့် Tasnim နှင့် Mehr တို့က ခါမေနီသည် စစ်မြေပြင်ကို အမိန့်ပေးကွပ်ကဲရာတွင် ခိုင်ခိုင်မာမာရှိနေဆဲဟု ဖော်ပြခဲ့ကြသေးသည်။
သို့သော် အစ္စရေးအဆင့်မြင့်အရာရှိတစ်ဦးက ခါမေနီ၏ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနသို့ အစောပိုင်းတွင် ပြောကြားခဲ့ပြီး ထရန့်ကလည်း Truth Social လူမှုကွန်ရက်ပို့စ်တွင် ထိုအချက်ကို ထောက်ခံခဲ့သည်။
"ဒါဟာ အီရန်ပြည်သူတွေအတွက်တင်မကဘဲ ခါမေနီနဲ့ သူ့ရဲ့ လူမိုက်ဂိုဏ်းတွေကြောင့် သေဆုံးခဲ့ရတဲ့၊ ဒဏ်ရာရခဲ့တဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ ကမ္ဘာတစ်ဝန်းက နိုင်ငံအသီးသီးက ပြည်သူတွေအတွက်ပါ တရားမျှတမှုကို ဖော်ဆောင်ပေးလိုက်တာဖြစ်တယ်" ဟု ထရန့်က ရေးသားခဲ့သည်။
အီရန်စစ်ဆင်ရေးက ရက်အတော်ကြာ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ရိုက်တာသို့ပြောသည်။
ထရန့်ကလည်း အရှေ့အလယ်ပိုင်းနဲ့ ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးရရှိဖို့အတွက် လိုအပ်သရွေ့ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်မှုများကို မရပ်မနားလုပ်ဆောင်သွားမည်ဟု ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်က ထုတ်ပြန်သည့်ဗီဒီယိုတွင် ထရန့်က အီရန်တော်လှန်ရေးအစောင့်တပ်အဖွဲ့ဝင်များကို လက်နက်ချရန် တိုက်တွန်းခဲ့ပြီး၊ လက်နက်ချပါက အပြစ်မှကင်းလွတ်ခွင့်ပေးမည်ဟု ဆိုကာ အစိုးရအပြောင်းအလဲဖြစ်စေရန် လှုံ့ဆော်ခဲ့သည်။















