အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဖေဖော်ဝါရီ ၂၄ ရက်ညပိုင်းက လွှတ်တော်တွင် နိုင်ငံတော်အခြေပြမိန့်ခွန်းကို ပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံသည် ခေတ်အဆက်ဆက် မကြုံဖူးသေးသည့် အလှည့်အပြောင်းတစ်ရပ်ကို ဖော်ဆောင်နိုင်ခဲ့ပြီဟု ချီးကျူးအမွှန်းတင်ခဲ့သည်။
စစ်တမ်းများအရ အမေရိကန်ပြည်သူအများစုသည် နိုင်ငံ၏ လက်ရှိအခြေအနေနှင့် ထရန့်၏ ခေါင်းဆောင်မှုအပိုင်းကို မကျေနပ်ကြသော်လည်း ထရန့်သည် ၎င်း၏ လက်ရှိလုပ်ဆောင်နေသော လမ်းစဉ်ကို ပြောင်းလဲမည့် အရိပ်အယောင် မပြခဲ့ပေ။
ယင်းအစား ထရန့်သည် ၎င်း၏ သစ္စာရှိထောက်ခံသူများအတွက် မျိုးချစ်စိတ်ဓာတ် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သကဲ့သို့ နိုင်ငံရေးပြိုင်ဘက်များကိုလည်း လှောင်ပြောင်သရော်မှုများ ပြုလုပ်ခဲ့သည်။
"ကျွန်တော်တို့နိုင်ငံ ပြန်လာနိုင်ခဲ့ပြီ" ဟု ထရန့်က ပြောကြားခဲ့ပြီး အမေရိကန်သည် ကမ္ဘာပေါ်တွင် အရှိန်အဟုန်အကောင်းဆုံး နိုင်ငံဖြစ်ကြောင်း တင်စားပြောဆိုခဲ့သည်။
ထို့ပြင် ဒီမိုကရက်များသည် ကုန်ဈေးနှုန်းကြီးမြင့်မှု အကျပ်အတည်းကို ဖန်တီးခဲ့ကြောင်း ပြစ်တင်ပြောဆိုခဲ့ပြီး မိမိတို့အနေဖြင့် ကောင်းမွန်စွာစီမံဆောင်ရွက်နေကြောင်း ထရန့်က ပြောကြားခဲ့သည်။
ထရန့်၏ မိန့်ခွန်းအတွင်း ဝင်ငွေများ မြင့်တက်လာခြင်း၊ စတော့ရှယ်ယာဈေးကွက် ဖွံ့ဖြိုးလာခြင်း၊ စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာခြင်း၊ တောင်ပိုင်းနယ်စပ်တွင် တရားမဝင် ဝင်ရောက်မှုများ သိသိသာသာ လျော့ကျသွားခြင်းနှင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ခြင်း အစရှိသည့် အကြောင်းအရာများကို အဓိကထား ပြောဆိုခဲ့သည်။
မိန့်ခွန်း၏ အဆုံးသတ်တွင်မူ "ကျွန်တော်တို့နိုင်ငံဟာ နောက်တစ်ကြိမ် အောင်ပွဲခံနေပြီဖြစ်ပါတယ်" ဟု နိဂုံးချုပ် ပြောကြားသွားခဲ့သည်။
ထရန့်အတွက် စိန်ခေါ်မှုမှာ ၎င်းအား လူထုထောက်ခံမှုနှုန်းသည် ၄၀ ရာခိုင်နှုန်းဝန်းကျင်တွင်သာ ရှိနေပြီး အမေရိကန်ပြည်သူများအနေဖြင့် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးရန် သမ္မတထံမှ ယခုထက်ပိုပြီး လုပ်ဆောင်ပေးရန် လိုလားနေကြခြင်းဖြစ်သည်။
ပြီးခဲ့သည့်လကလည်း ထရန့်သည် အိမ်ဖြူတော်တွင် နိုင်ငံတော်မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး ယခုမိန့်ခွန်းတွင်ပါဝင်သည့် အကြောင်းအရာများနှင့် ကိန်းဂဏန်းအချက်အလက်များကိုပင် ကိုးကားပြောဆိုခဲ့သော်လည်း လူထုကို ဆွဲဆောင်နိုင်ခြင်း မရှိခဲ့ပေ။
နှစ်နာရီနီးပါး ကြာမြင့်သည့် ယခုမိန့်ခွန်းအတွင်း ထရန့်က အိုင်ဒီယာအသစ် အနည်းငယ်ကိုလည်း ထည့်သွင်းပြောကြားခဲ့ပြီး အလုပ်သမားလူတန်းစား အမေရိကန်များအတွက် အငြိမ်းစားစုဆောင်းငွေ အကောင့်သစ်များ ဖော်ဆောင်ပေးရန်နှင့် AI နည်းပညာကုမ္ပဏီများ၏ စက်ရုံများအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားကို သီးသန့်စီစဉ်ပေးရန် ကိစ္စရပ်များ ပါဝင်ခဲ့သည်။
Ref: BBC
Photos: AFP









