ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးအကဲ ကာဂျာကားလတ်စ်က ဗင်နီဇွဲလားယာယီသမ္မတတာဝန်ယူထားသူ ဒဲလ်စီ ရိုဒရီဂွက်ဇ်အပေါ် ချမှတ်ထားသည့် အီးယူအဖွဲ့ဝင်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းရန် တိုက်တွန်းသွားမည်ဟု ဖေဖော်ဝါရီ ၂၃ ရက်က ပြောကြားခဲ့သည်။
နိုင်ငံရေးအကျဉ်းသားရာနှင့်ချီ လွတ်မြောက်လာနိုင်သည့် လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကို အတည်ပြုပြီးနောက် စပိန်နိုင်ငံက ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရန် တိုက်တွန်းမည်ဟု ပြောကြားခဲ့ပြီးနောက် ယခုခြေလှမ်း ပေါ်ပေါက်လာခြင်းဖြစ်သည်။
"ဥရောပနိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာမျိုး အပါအဝင် ဗင်နီဇွဲလားကြားဖြတ်အာဏာပိုင်တွေဘက်က ဥရောပအပေါ် အလားအလာကောင်းတဲ့ခြေလှမ်းတချို့ကို ကျွန်မတို့ မြင်တွေ့နေရပါတယ်" ဟု ကားလတ်စ်က ဆိုသည်။
သို့သော် ရိုဒရီဂွက်ဇ်အပေါ် ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်မှုနှင့် ပိုင်ဆိုင်မှုများ ထိန်းချုပ်ထားခြင်းတို့ကို ရုပ်သိမ်းကြရန် အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံကြား ဘုံသဘောတူညီချက် ရ ၊ မရကိုမူ မိမိအနေဖြင့်မသိသေးဟု ဥရောပသမဂ္ဂ၏ ထိပ်တန်းသံတမန် ကားလတ်စ်က ပြောသည်။
ထို့ပြင် အာဏာရှင်ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို အမေရိကန်က ရာထူးမှဖယ်ရှားလိုက်ပြီးနောက် ဗင်နီဇွဲလားအာဏာပိုင်များနှင့် မည်သို့ဆက်ဆံရမည်ကို ပိုမိုကျယ်ပြန့်စွာ ဆွေးနွေးလိုကြောင်းလည်း ၎င်းက ဆိုသည်။
မာဒူရိုသည် ၂၀၁၃ ခုနှစ် မတ်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီအထိ ဗင်နီဇွဲလားကို အုပ်ချုပ်ခဲ့ပြီး တင်းကျပ်သည့်အုပ်ချုပ်မှုဖြင့် အတိုက်အခံများနှင့် တက်ကြွလှုပ်ရှားသူများကို နှိမ်နင်းခဲ့သည်။
လက်ရှိတွင် အသက် ၆၃ နှစ်အရွယ်မာဒူရိုနှင့် ၎င်း၏ဇနီးတို့သည် အမေရိကန်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး တရားရင်ဆိုင်ရန် စောင့်ဆိုင်းလျက်ရှိသည်။ မာဒူရိုက ၎င်းကိုစွဲချက်တင်ထားသည့် မူးယစ်ဆေးဝါးမှောင်ခိုမှုများအတွက် အပြစ်မရှိဟုငြင်းထားပြီး ၎င်းက စစ်သုံ့ပန်းတစ်ဦးဟု ကြေညာထားသည်။
ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗင်နီဇွဲလားနိုင်ငံ၏ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာသန်း ၈၈၀ ကျော်ကို ဆွစ်ဇာလန်အစိုးရက ထိန်းချုပ်လိုက်ပြီဟု ဖေဖော်ဝါရီ ၂၃ ရက်က AFP သတင်းဌာနကို ပြောကြားခဲ့သည်။
Ref: AFP









