■ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၂) သင်တန်းဖွင့်ပွဲများ တိုင်းစစ်ဌာနချုပ်အသီးသီးတွင် ကျင်းပ

■ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၂) သင်တန်းဖွင့်ပွဲများ တိုင်းစစ်ဌာနချုပ်အသီးသီးတွင် ကျင်းပ
Published 18 February 2026

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၂) သင်တန်းဖွင့်ပွဲများကို တိုင်းစစ်ဌာနချုပ် အသီးသီးတွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၂) တွင် ပါဝင်တက်ရောက်ကြမည့်သူများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင် ရွက်ခဲ့ကြပြီး ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၂) သင်တန်းဖွင့်ပွဲများ ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။ 

အဆိုပါသင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။

အဆိုပါသင်တန်းဖွင့်ပွဲများသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၂) မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။

စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းများသည် တာဝန်ကျရာ တပ်ရင်းတပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်ကြောင်းလည်း သိရသည်။

 

Most Read

Most Recent