ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့ရှိ ၊ သီရိမင်္ဂလာ ရွှေချမ်းသာ မွေတော်ဘုရားကြီး ပြင်ဆင်ရေး လုပ်ငန်းများ စတင်ဆောင်ရွက် နေပြီး အနယ်နယ် အရပ်ရပ် မှ အလှူရှင်များကိုလည်း ဖိတ်ခေါ်ထားကြောင်း ဂေါပက အဖွဲ့ထံမှ သိရသည်။
ဟိုပုံးမြို့ ရှိ သီရိမင်္ဂလာ ရွှေချမ်းသာ မွေတော်ဘုရားကြီး သည် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက် တွင် အင်အားပြင်း ငလျင်ဒဏ်ကြောင့် ဟိုပုံး မွေတော် ဘုရားကြီး ထီးတော် မြေခ ခဲ့ကာ ၊ အရန် စေတီတော် ၈ ဆူ လည်း ထိခိုက်ပျက်စီးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဟိုပုံးမွေတော်ဘုရားကြီး ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသော ပင်မ စေတီတော် ပြန်လည် ပြင်ဆင်ရေး လုပ်ငန်းစဉ် ကို လွန်ခဲ့သော ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
ဟိုပုံးမွေတော် ဘုရားကြီး ရှေ့တွင် ရှိသော ခြင်္သေ့ကြီး နှစ်ကောင် မှာလည်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသဖြင့် ရှေ့နည်းနည်း တိုးကာ အသစ်ပြန်လည် တည်ဆောက်ထားသည် မှာ မကြာခင် ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဟိုပုံး မွေတော်စေတီတော်ကြီး ၊ ပင်မ စေတီတော်ကြီး ပြင်ဆင်ခြင်း လုပ်ငန်းကို ပြည်ထောင်စုနေ့မှ စတင် ဆောင်ရွက်ခြင်း ဖြစ်ကာ၊ မူလ ပုံစံ အတိုင်း ဆက်လက် တည်ထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ပျက်စီးခဲ့သော အရန်စေတီ ၈ ဆူ အနက် ၊ ၂ ဆူမှာ တပို့တွဲ လပြည့်နေ့တွင် ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း ဘုရား ဂေါပက ဥက္ကဋ္ဌ ဦးအောင်ဇော်ထွေး က ဆိုသည်။
“အခု ပြည်ထောင်စုနေ့ ကနေ စတင် ဆောင်ရွက်ပါတယ်။ ပစ္စယံတော့ ကျန်တာပေါ့။ နဂိုမူလ ပုံစံ အတိုင်း ပြန်လည် ဆောင်ရွက်ပါမယ်။ ခြင်္သေ့နှစ်ကောင် ကတော့ ပျက်စီးခဲ့တဲ့ အတွက် အသစ် ပြန်လည် တည်ဆောက်ထားတာ မကြာခင် ပြီးစီးပါတော့မယ်။ ပြင်ဆင်ရေး လုပ်ငန်းစဉ် အတွက် သတင်းစာ ထဲမှာလည်း ထည့်ပြီး ကြော်ငြာထားပါတယ် ”ဟု ဟိုပုံး မွေတော်ဘုရားကြီး ဘုရား ဂေါပက ဥက္ကဋ္ဌ ဦးအောင်ဇော်ထွေး က ဆိုသည်။
ဟိုပုံး မွေတော်ဘုရားကြီး၏ ပွဲတော်မှာ တန်ဆောင်မုန်း လပြည့်ကျော် ၄ ရက်မှ ၈ ရက် အထိ ဘုရားပွဲ နှစ်စဉ် ကျင်းပလေ့ ရှိကာ ၊ ယခင်နှစ်ကလည်း မီးပုံးပျံပွဲတော် ကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် မေလ ၂၄ ရက် အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်း ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့(HPBC) ရောက်ရှိ စစ်ဆေးပြီး အခြား စစ်ဆေးတိုင်းတာ ရရှိသော အချက်အလက် များ အရ လေ့လာတွက်ချက်မှု အစီရင်ခံစာတွင် စစ်ဆေးတွေ့ရှိချက် နှင့် အကြံပြုတင်ပြချက်များမှာ ၂၈-၃-၂၀၂၅ စစ်ကိုင်းပြတ်ရွေ့ အလယ်ပိုင်းတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ သော ပမာဏ ၇.၇ အဆင့်ရှိ မန္တလေး ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့သော မြေပြင်ပြတ်ရွေ့မှု အနီးတစ်လျှောက်တွင် ပြင်းအား မာကယ်လီစကေး(၁၀) အထက် ခံစားခဲ့ရပြီး ပြတ်ရွေ့၏ အရှေ့ဘက် တွင် တည်ရှိသော ဟိုပုံးမြို့တွင် မာကယ်လီစကေး ၆.၄ အထိ ခံစားခဲ့ရကြောင်း ၊ သိရသည်။
ဗိသုကာပိုင်းဆိုင်ရာ တွင် ပင်မစေတီတော်ကြီး စုစုပေါင်း အမြင့်ပေ ၁၃၈ ပေ ၄ လက်မ ရှိရာ ငလျင်ဒဏ်ထိ အမြင့်ပေ ၆၈ ပေ ၁ လက်မ ၊ ကျန်ရှိသော စေတီတော်အမြင့် ၇၀ ပေ ၈ လက်မ ၊ ခေါင်းလောင်းတော်အမြင့် ၁၆ ပေ ၈ လက်မ ၊ ခေါင်းလောင်းတော် Diameter ၂၄ ပေ ၂ လက်မ ၊ ရင်ပြင်တော်မှ ပစ္စယံ အထိ အမြင့် ၂၄ ပေ ၆ လက်မ ၊ ဖောင်းရစ် ၇ ရစ် အမြင့် ၂၄ ပေ ၆ လက် မ ၊ ကျန်ရစ်သည့် ဖောင်းရစ် ၄ ရစ် အမြင့် ၁၀ ပေ ၊ ကြာမှောက်ကြာလန် ရွဲလုံး အမြင့် ၁၂ ပေ ၆ လက်မ ၊ ငှက်ပျောဖူး အမြင့် ၁၃ ပေ ၆ လက်မ ရှိကြောင်း သိရသည်။ မြေစမ်းသပ်ချက်အရ ၄ နေရာတွင် မြေစမ်းသပ်ချက်များအရ မြေပြင်မှ ပျမ်းမျှအနက် ၂၀ ပေ အထိ မှန်မြေသားများ တွေ့ရှိကာ၊ ၂၁ ပေ မှ ပျှမ်းမျှအနက် (၅၀) ပေ အထိ မာကျောသော သတ်လတ် ထုံးကျောက် အလွှာများကို ဆက်တိုက် တွေ့ရှိကြောင်း သိရသည်။
ဆရာကြီး ဦးသိန်းသန်းထွန်း ပြုစုပေးသော ဟိုပုံးမြို့ သီရိမင်္ဂလာ ရွှေချမ်းသာ မွေတော်ဘုရားကြီး၊ သမိုင်းအကျဉ်းတွင် ဖော်ပြထားချက် အရ သက္ကရာဇ် ၄၅၄ ခုနှစ် ကျန်စစ်သားမင်းကြီး၏ မြေးတော် အလောင်းစည်သူမင်းကြီး ပုဂံပြည်ကို ထီးနန်းဆက်ခံစိုးစံတော်မူစဉ် တိုင်းခန်းလှည့်လည်ရာမှ ရှမ်းပြည်နယ် ဟိုပုံး ဒေသ ရောက်ရှိခဲ့ကြောင်း ၊ ဟိုပုံးနယ်ကို အစတည် နယ်စား အဖြစ် အုပ်ချုပ်ခဲ့သော မြို့စားကြီး ငဘိုဆန် ၏သား၊ မြေး ၊ မြစ် အနွယ်ဖြစ်သည့် မြို့စား နှင့် တွေ့ဆုံ၍ သာသနာတော် ပြန့်ပွားရေး အတွက် တိုင်ပင် ဆွေးနွေး ခဲ့ကြပြီး သက္ကရာဇ် (၅၂၁) ခုနှစ် တွင် ဉာဏ်တော် (၂၄) တောင် အမြင့်ရှိ စေတီတော် တည်ထားတော် မူခဲ့ကြောင်း ဖော်ပြထားသည်။ ထို စေတီတော်အတွင်း အလောင်းစည်သူမင်းတရားကြီး ပင့်ဆောင်ရယူခဲ့သော ဗုဒ္ဓသရိယဓါတော် မွေတော်အစစ်များအား ဌာပနာထားခဲ့ပြီး မွေတော်ဘုရား ဟုဘွဲ့တော် သမုတ် ခေါ်ဝေါ် ပူဇော်ခဲ့သည် ဟု ဖော်ပြထားသည်။
သီရိမင်္ဂလာ ရွှေချမ်းသာ မွေတော်ဘုရားကြီး၊ တွင် မူလ စေတီတော် အင်္ဂါထောင့်တွင် တစ်ဆူ ၊ အရန်စေဆီတော်ပေါင်း ၂၃၆ ဆူ ၊ လျှောင်းတော်မူ ကိုယ်စားတော်ကြီး ၁ ဆူ၊ လျှောင်းတော်မူ တန်ဆောင်းတွင်း ရှိ ကိုယ်စားတော် ၄ ဆူ၊ အရှေ့ဘက် မုဒ် အတွင်းရှိ ကိုယ်စားတော် ၁၅၁ ဆူ၊ အနောက်ဘက်မုဒ်အတွင်း ရှိ ကိုယ်စားတော် ၂၄ ဆူ၊ စေတီတော်ကြီး အနောက်ဘက် ရှိ မဟာရန် တံတိုင်းပေါင်းကူး လှိုဏ်ဂူတော် အတွင်းရှိ ရုပ်ပွားတော် နှစ်ကျိပ်ရှစ်ဆူ ၃၁ ဆူ ၊ တောင်ဘက် အတွင်းရှိ ကိုယ်စားတော် ၄၂ ဆူ၊ တောင်ဘက် အရပ် ကျောင်းဆောင် အတွင်းရှိ ကိုယ်စားတော် ၄ ဆူ၊ မြောက်ဘက်မုဒ် အတွင်း ရှိ ကိုယ်စားတော် ၂၀ ဆူ ၊ သိမ်တော်အတွင်းရှိ ကိုယ်စားတော် ၃ ဆူ၊ ဂြိုလ်ပြေနံပြေ ဆင်းတုတော် ၈ ဆူ၊ ပေါင်း ၃၀၆ ဆူ ရှိကြောင်း သိရသည်။















