■ ငြိမ်းချမ်းရေးကို ဗန်းပြပြီး နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေကို လဲမှာလား
■ လာမည့် လွှတ်တော်နှင့် အစိုးရသစ်အတွက် စိန်ခေါ်မှု
ယခုရက်ပိုင်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၏ ပြောကြားချက်များမှာ အနာဂတ် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် စိုးရိမ်ဖွယ်အခြေအနေများကို လှစ်ဟနေသည့် သဘောဖြစ်နေသည်ဟု ဆိုရမည်ဖြစ်သည်။
ဖေဖော်ဝါရီ ၈ ရက်က အမေရိကန်နိုင်ငံ တက္ကဆပ်ပြည်နယ်တွင် ပြုလုပ်သည့် ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးအထိမ်းအမှတ်နေ့တွင် KIA ဒုတိယဥက္ကဋ္ဌ (၁)ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်၏ ပြောကြားချက်များ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ - ရှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်က ရိုက်တာသတင်းဌာနသို့ ပြောကြားချက်များမှာ စောင့်ကြည့်ရမည့် အနေအထားလည်းဖြစ်သည်။
အလားတူ AA အဖွဲ့၏ ကွန်ဖက်ဒရိတ်ထက်မနိမ့်သည့် အဆင့်ရရှိလိုသည်ဆိုသည့် ပြောကြားချက်များ၊ K3C တွင် ပါဝင်သည့် ကရင်အမျိုးသားအစည်းအရုံး၏ ကြေညာချက်များမှာလည်း စောင့်ကြည့်ရမည့် အခြေအနေ များလည်း ဖြစ်လာခဲ့သည်ကို တွေ့ရသည်။
ထို့ပြင် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ မြန်မာ့ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး အစဉ်တစိုက် ပြောလာခဲ့သည့်အခြေအနေများ၊ လုပ်ဆောင်ချက်များအပေါ် ဝေဖန်ဆန်းစစ်ချက်များနှင့် တရုတ်နိုင်ငံက မြန်မာ့ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ စွက်ဖက်မှုများ ရှိနေသည့် အခြေအနေများအပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့က ထုတ်ဖော်ပြောကြားခြင်းများရှိလာခဲ့မှုများသည် အနာဂတ်မြန်မာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် အချုပ်အခြာ အာဏာအတွက် များစွာသတိပြုဖွယ်ပင်ဖြစ်နေသည်။
ထိုသို့သော အခြေအနေမျိုးတွင် ပြီးခဲ့သည့် ၂၀၂၅ ရွေးကောက်ပွဲ၌ အနိုင်ရရှိသည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် မတ်လလယ်ခန့်တွင် ပေါ်ပေါက်လာမည့်လွှတ်တော်နှင့် ဧပြီလဆန်းတွင် တာဝန်လွှဲပြောင်းယူမည့် အစိုးရသစ်အတွက် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် ပဋိပက္ခအခြေအနေများ၊ တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့အချို့၏ အစိုးရအပေါ် စိန်ခေါ်လာနိုင်ဖွယ်ရှိသည့် အခင်းအကျင်းများအရ နိုင်ငံ၏အချုပ်အခြာအာဏာ၊ ပြည်ထောင်စုနှင့် နယ်မြေ တည်တံ့ရေးတို့အတွက် လာမည့်စိန်ခေါ်ချက်များကို မည်သို့ ကိုင်တွယ်ဆောင်ရွက်မလဲ ဆိုသည်ကို မေးခွန်းထုတ်ရန်လည်း လိုအပ်လာပြီ ဖြစ်သည်။
■ မြန်မာပြည်မြောက်ပိုင်း အခြေအနေ
လက်ရှိတွင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ၌ တပ်မတော်နှင့် KIA ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ပိုမိုပြင်းထန်နေသည့် အချိန်လည်းဖြစ်သည်။
တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်သည့် ဗန်းမော်မြို့ တိုက်ပွဲ၊ ကသာ၊ ထီးချိုင့် အစရှိ သည့်မြို့များတွင်လည်း တိုက်ပွဲများမှာ ငြိမ်သက်သည့်အချိန်ထက် တိုက်ခိုက်မှုများက ပိုများသည်ဟု ဆိုနိုင်သည်။
" ဗန်းမော်တိုက်ပွဲဟာ နိုင်ငံရေးသိက္ခာ တိုက်ပွဲဖြစ်ပါတယ်။ ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ တစ်နှစ်ကျော်သွားပြီ။ ကျွန်တော်တို့ ဗန်းမော် တိုက်နေတာ။ ဒီလို ကြာမယ်၊ အရင်းအနှီးများမယ်ဆိုတာ သိသော် လည်းပဲ လိုအပ်လို့တိုက်တဲ့ တိုက်ပွဲ ဖြစ်တယ်။ ကျွန်တော်တို့မှာ ရှိတဲ့ အရင်းအနှီးနဲ့ ကျွန်တော်တို့တိုက်နေရတာ ဖြစ်တယ်။ လိုအပ်လို့တိုက် တဲ့ တိုက်ပွဲတွေမှာ အရင်းအနှီးတွေက အများကြီးပေးရပါတယ်" ဟု KIA ဒုတိယ ဥက္ကဋ္ဌ ၁ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ်တွင် ပြုလုပ်သည့် ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားတွင် အွန်လိုင်းမှတစ်ဆင့် ပြောကြားခဲ့သည်။
ထို့ပြင် ယင်းအခမ်းအနားတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က စစ်ကိုင်းတိုင်းမှာ ကချင်ပြည်နယ်၏ ဝင်ပေါက်ဖြစ်သည့်အတွက် ယင်းဒေသတွင် ရန်သူကို စောင့်ကြည့်ရမည် ဖြစ်သည်ဟု ပြောကြားခဲ့သည်။
" စစ်ရေးအရ KIO က ကချင်ဒေသတစ်ခုလုံးရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကို တာဝန်ယူပြီးတော့ အခြားသော အင်အားစုများနဲ့ တိုက်ပွဲတွေ ဖော်ဆောင်တယ်။ စစ်ကိုင်းတိုင်းမှာ စစ်ဒေသဖွင့်ပြီးတော့ ကျနော်တို့ အတူတကွ တိုက်ပွဲဝင်နေပါတယ်။ ဒီမိုကရေစီ အင်အားစု တွေနဲ့အတူ တိုက်ပွဲတွေ ဖော်ဆောင်ရမှာဖြစ်တယ်။အထူးသဖြင့် ကျနော်တို့ရဲ့ အိမ်ခြံဝင်းတံခါးပေါက်ဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ ရန်သူကို စောင့်ရမယ်။ စစ်ကိုင်းတိုင်းမှာရှိတဲ့ အင်အားစုနဲ့ ကျနော်တို့ ကချင်အင်အားစုတွေက တံခါးပေါက်လုံခြုံရေးအတွက် သေချာပေါက် လုပ်ရမယ်" ဟုလည်း ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောကြားသည်။
ထို့ပြင် NUG နှင့် ဆွေးနွေးရန် ဆန္ဒရှိသလားဟု နေပြည်တော်သို့မေးမြန်းထားသည်ဟု ၎င်းကဆက်လက် ပြောကြားသည်။
" နေပြည်တော်အစိုးရကို ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောတယ်။ KIO တစ်ဖွဲ့တည်းနဲ့ စကားပြောလို့ မပြီးနိုင်ပါဘူး။ နေပြည်တော်ဟာ NUG နဲ့ စကားပြောချင်တဲ့ ဆန္ဒရှိသလားလို့ မေးထားပါတယ်။ တစ်ဖွဲ့ချင်းနဲ့ စကားပြောတဲ့ ပုံစံမျိုးကို KIO က လက်ခံမှာ မဟုတ်ဘူးဆိုတာ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံများအားလုံးကို ပြောပြထားပြီးသား ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် KIO/KIA က ဗဟိုကော်မတီ အစည်းအဝေး တစ်ခုပြုလုပ်ခဲ့ပြီး ဆုံးဖြတ်ချက်များချမှတ်ခဲ့ ကြောင်း၊ ဆုံးဖြတ်ချက်များကို ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း၊ ဖေဖော်ဝါရီ ၂ ရက်တွင် တရုတ် အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံကာ ပွင့်ပွင့်လင်းလင်းပြောကြားခဲ့သည်ဟု ၎င်း၏ ပြောကြားချက်မှာ နိုင်ငံရေး စစ်ရေးအပြက် မြန်မာ့ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တရုတ်၏ သဘောထားနှင့် မည်မျပါဝင်ပတ်သက် လုပ်ဆောင်နေသလဲ ဆိုစည့်အချက်ကိုလည်း ပိုမိုစောင့်ကြည့် ဆန်းစစ်ရန်လိုလာပြီဖြစ်သည်။
" ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၉ နာရီမှာ KIO ဗဟိုကော်မတီအစည်းအဝေး ကျင်းပပါတယ်။ ဆုံး ဖြတ်ချက်များကို အဲဒီနေ့မှာပဲ ချပါတယ်။ ဒါပေမယ့် လူထုကို ထုတ်ပြန်တာမလုပ်ဘူး။ အခြေအနေ စောင့် ကြည့်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်တယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်စားလှယ်နဲ့ တွေ့ပါတယ်။ အဲဒီမှာ ပွင့်ပွင့်လင်းလင်းပဲကျနော်တို့က တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်။ အဲဒီတော့ ဖြစ်ပေါ်လာတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့အတူ တိုက်ပွဲတွေ ဆင်နွှဲရမှာဖြစ်တယ်။ တရုတ်အစိုးရ တိုက်ပွဲတွေ မဖော်ဆောင်ဖို့ ပြောလည်း ကျနော်တို့ ရှောင်လွှဲလို့ရမှာမဟုတ်ဘူး" ဟု ၎င်းကပြောကြားခဲ့သည်။
လတ်တလောတွင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသအခြေအနေများကိုကြည့်လျင် တည်ငြိမ်မှုမရှိ တိုက်ပွဲအသံများမရပ်မနားကြားနေရသော်လည်းKIO ထိန်းချုပ်ဒေသရှိ လိုင်ဇာမြို့နှင့် မိုင်ဂျာယန်မြို့တို့တွင်မူ ခေါင်းပြားအောင် အိပ်နိုင်သည့်အခြေအနေမျိုးရှိနေသည်ကိုတွေ့ရမည်ဖြစ်သည်။
■ လိုင်ဇာ
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ်တွင် ပါဝင်သည့် လိုင်ဇာမှာ ယခင်က ကျေးရွာတစ်ခုအဖြစ်သာ တည်ရှိခဲ့ကာ ၁၉၉၄ ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့်KIO/ KIA အဖွဲ့တို့ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးအပြီး ပါဂျောင်ရှိ KIO/KIA ဌာနချုပ်ကို လိုင်ဇာသို့ ပြောင်းရွှေ့အပြီးတွင် ထိန်းချုပ်မြို့အဖြစ် ထွက်ပေါ်လာခဲ့သည်။
လိုင်ဇာမြို့မှာ တရုတ်- မြန်မာနယ်စပ်ခြံစည်းရိုးတွင် တည်ရှိနေသည့် မြို့တစ်မြို့ဖြစ်ပြီး တရားဝင်နယ် စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်ထားခြင်းမရှိသော်လည်း တရုတ်နှင့်နယ်စပ် ကုန်သွယ်ရေးပြုလုပ်သည့် အချက်အချာနေရာလည်းဖြစ်သည်။လိုင်ဇာမြို့တွင် ကချင်လူမျိုးအများစုနေထိုင်ကြပြီး မြို့တွင်းသွား လာမှုများအတွက် သုံးဘီးယာဉ်များ၊ မော်တော်ယာဉ်များကို အသုံးပြုကြကြောင်း သိရသည်။ထို့ပြင် လိုင်ဇာမြို့အနီးတွင် မုန်လိုင်ခက်၊ ဝေကြိုင် အစရှိသည့် စစ်ဘေးရှောင်ဒုက္ခသည်စခန်း ခုနစ်ခုထက်မနည်း ရှိနေပြီး လိုင်ဇာမြို့နှင့် သုံးမိုင်ခန့်အကွာတွင် တည်ရှိသည့် မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းမှာ ပြီးခဲ့သည့်နှစ်က လေကြောင်းတိုက်ခိုက်ခံခဲ့ရသဖြင့် လူသေဆုံးမှုများရှိခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းတွင် လိုင်ဇာမြို့ရှိ မြို့တော်ခန်းမတွင် ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်(KSCU) ၏ တတိယအကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပခဲ့ပြီး တက္ကသိုလ်၏အဓိပတိဖြစ်သည့် KIO/ KIA ၏ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်ကိုယ်တိုင်တက်ရောက်ကာ ဘွဲ့များချီးမြင့်ပေးခဲ့သည်။ အဆိုပါ KSCU ကို NUG ၊ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO တို့ ပူးပေါင်း တည်ထောင်ထားခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် မေ ၃၀ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး CDM ပြုလုပ်ထားသည့် ဆရာ၊ဆရာမများကဦးဆောင်သင်ကြားနေကာ ဘွဲ့ရရှိသူ ၅၀၀ နီးပါးရှိနေပြီဖြစ်ကြောင်း Laiza Tv က ဖော်ပြခဲ့သည်။
■ မိုင်ဂျာယန်
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်း ပါဝင်ပြီး တရုတ်နိုင်ငံနယ်စပ်အနီးတွင် တည်ရှိသည့် မိုင်ဂျာယန်မြို့မှာ ပညာရေးမြို့တော်ဟု တင်စားခေါ်ဝေါ်ကြသည့် မြို့တမြို့လည်းဖြစ်သည်။
မိုင်ဂျာယန် အမျိုးသားကောလိပ်၊ မိုင်ဂျာယန်ပညာရေးတက္ကသိုလ်၊ Center for Intensive English Program၊ Federal Law Academy၊ Mungmyit Sinli အထက်တန်းကျောင်း၊မိုင်ဂျာယန်အထက်တန်းကျောင်း၊ ထွယ်ဂင်တောင်ကျောင်းနှင့် ဘော်ဒါကျောင်း ၁၀ ကျောင်းကျော် အစရှိသည်တို့ကိုလည်း ယင်းမြို့တွင် ဖွင့်လှစ်ထားသည်ဟု သိရသည်။
မိုင်ဂျာယန်မြို့တွင် ၁၉၉၀ ပြည့်နှစ်ကျော်ကာလများကတည်းက အင်္ဂလိပ်စာ၊ စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းများ အစရှိသည်တို့ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်တွင် ကာစီနိုလောင်းကစားရုံများကို တည်ဆောက်ခဲ့သည်။
သို့သော် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် ကာစီနိုလောင်းကစားရုံများကို ဖွင့်လှစ်ခြင်းများကို လုံးဝခွင့်မပြုတော့ဘဲ ကာစီနိုလောင်းကစားရုံများအဖြစ် အသုံးပြုခဲ့သည့် အဆောက်အအုံများကို ပညာသင်ကြားရေးလုပ်ငန်းများတွင် အသုံးပြုခဲ့သည်။
■ လိုင်ဇာ၊ မိုင်ဂျာယန်နဲ့ မြစ်ကြီးနားမြို့ရဲ့ အခြားတစ်ဖက်က ဗန်းမော်နဲ့ ကသာပါအဝင် မြန်မာနိုင်ငံအထက်ပိုင်းက မြို့ကြီးများ
၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် ဖြစ်ပွားလာသည့် ပြည်တွင်းပဋိပက္ခများကြောင့် ကချင်ပြည်နယ်မြောက်ပိုင်း၌ တိုက်ခိုက်မှုများ အရှိန်မြင့်လာချိန်တွင် လက်ရှိအပြင်းထန်ဆုံးခံစားနေရသည်မြို့မှာ ဗန်းမော်မြို့နှင့် ကသာမြို့ဟု ဆိုရမည်ဖြစ်သည်။
တရုတ်နိုင်ငံနယ်စပ်နှင့် မိုင် ၄၀ အကွာ၊ လိုင်ဇာမြို့နှင့်လည်း မိုင် ၄၀ အကွာရှိ ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့် ဗန်းမော်မြို့တွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းများအရ တစ်သိန်းသုံးသောင်းခွဲကျော် နေထိုင်သည်။ မြို့တွင် ရပ်ကွက်စုစုပေါင်း ၁၃ ရပ်ကွက်ရှိပြီး ကျေးရွာအုပ်စုစုစုပေါင်း ၄၅ အုပ်စုရှိကာ ဗန်းမော်မြို့ပေါ်တွင် နေထိုင်သည့် လူဦးရေမှာ စုစုပေါင်း လူဦးရေ၏ ၄၃ ဒသမ ၂ ရာခိုင်နှုန်းရှိသည်ဟု သန်းခေါင်စာရင်းအရ သိရသည်။ မြို့ပေါ်တွင် ဗန်းမော်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပြုတာတက္ကသိုလ်များလည်းရှိပြီး ဗမာအများစုနေထိုင်ကာ ကချင်၊ ရှမ်းနီ၊ ရှမ်း အစရှိသည့်လူမျိုးများလည်း နေထိုင်ကြသည်။
ကုန်းဘောင်ခေတ် ဗန်းမော်မြို့ဝန်များထဲမှ ထင်ရှားသူအချို့မှာ ဦးရွှေရည်၊ စောမြတ်အောင်၊ ဦးကံ၊ ဦးစံတည်၊ ဦးရွှေအိုး၊ ဦးရွှန်း၊ ဦးသူ၊ ဦးဘိုး၊ ဦးအောင်မြတ်သူ၊ ဦးနက်ပြာ၊ ဦးတုတ်၊ ဦးပုံ၊ ဦးဖိုးအို၊ ဦးဘိုးလှ၊ဦးမှန်း၊ ဦးလူကြီး၊ ဦးထောင်ဗိုလ် စသူတို့ဖြစ်ကြသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်တွင် ဗန်းမော်မြို့ကို KIO/KIA ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း မြို့ပေါ်တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
" မြို့ကတော့ ပျက်သလောက်ဖြစ်နေပြီ။ တနှစ်ကျော်လောက်ဖြစ်နေတာဆိုတော့ ဘယ်နေရာမှ အကောင်းမကျန်တော့ဘူး။ ကျန်ခဲ့တဲ့ အသိမိတ်ဆွေတွေကိုလည်း ဆက်သွယ်ရင် ဖုန်းလိုင်းက မရတစ်ချက်၊ ရတစ်ချက်ဖြစ်နေတာ" ဟု ပြီးခဲ့သည့်နှစ်ကတည်းက ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်ဒေသခံတစ်ဦးက ပြောကြားသည်။
" ဗန်းမော်တက္ကသိုလ်တွေကတော့ အကုန်ပျက်စီးကုန်ပြီလို့ ပြောလို့ရတယ်။ မြို့မှာလည်း ကျန်ခဲ့တဲ့ ဒေသခံက မရှိသလောက်ပဲလို့ ပြောရမယ်။ မြို့ကတော့ တော်တော်ကြေသွားပြီ" ဟု အဆိုပါဒေသခံက ပြောကြားသည်။
တစ်နှစ်ကျော်ကြာ ဖြစ်ပွားလာခဲ့သည့် ဗန်းမော်တိုက်ပွဲများမှာ ၂၀၂၅ နှစ်လယ်ပိုင်းတွင် တိုက်ပွဲများ အတန်ငယ်ငြိမ်သက်ခဲ့သော်လည်း နှစ်ကုန်ပိုင်းတွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခဲ့သည်။
" နေအိမ်တွေ ရပ်ကွက်တွေကတော့ တော်တော်ကို ပျက်စီးသွားပြီ။ ဗန်းမော်ကွန်ပြူတာ တက္ကသိုလ်ကိုတော့ တပ်က ပြန်စီးထားတယ်။ ကျန်တဲ့ ဗန်းမော်တက္ကသိုလ်ဘက်တို့ ဘာတို့ဘက်မှာတော့ အခုထိ ချနေတုန်းပဲ။ အခြေခံပညာကျောင်းတွေလည်း ပျက်စီးကုန်ပြီ။ ကလေးတွေလည်း ကျောင်းဘယ်သူမှ တက်လို့မရဘူး" ဟု ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်ဒေသခံတစ်ဦးက ပြောကြားသည်။
အလားတူ ကသာမြို့တွင်လည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် ညပိုင်းမှစတင်ကာ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး လက်ရှိတွင် ငြိမ်သက်မှုများရှိနေသော်လည်း ရံဖန်ရံခါတွင် ပစ်ခတ်သည့်အသံများ ကြားရသည်ဟု ဒေသခံအချို့က ပြောကြားသည်။
ကသာမြို့မှာ စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းတွင် တည်ရှိပြီး ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် ဆောင်းရွက်နေသော ခရိုင်ရုံးစိုက်ရာမြို့တစ်မြို့ ဖြစ်ကာ သင်္ဘောဆိပ်မြို့အဖြစ် အရေးပါသည့်အပြင် ကားလမ်း၊ မီးရထားလမ်းများဆုံသည့်နေရာလည်းဖြစ်သည်။
ကသာမြို့တွင် ဗမာလူမျိုးအများစုနေထိုင်ပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ တစ်သိန်းခြောက်သောင်းကျော်နေထိုင်ပြီး ရပ်ကွက်စုစုပေါင်း ၁၀ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၃၂ စုရှိကာမြို့ပြတွင် နေထိုင်သူမှာ စုစုပေါင်း လူဦးရေ ၁၅ ဒသမ ၉ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။
" အခုတော့ လူတွေ သိန်းနဲ့ချီ ထွက်ပြေးနေရတယ်။ အကုန်လုံးကတော့ နဘား၊ မိုးညှင်း၊ ရွှေကူ၊ မော်လူး၊ မဲဇာ၊ မြစ်ကြီးနား ဘက်တွေကို သွားကြတယ်။ တချို့ကျတော့ ရန်ကုန်၊ မန္တလေးသွားကြတယ်။ တတ်နိုင်တဲ့သူတွေကတော့ရန်ကုန်၊ မန္တလေးဘက်ပေါ့" ဟု ကသာမြို့ခံတစ်ဦးက ပြောကြားသည်။
■ လူဦးရေ သိန်းနဲ့ချီ ဒုက္ခရောက်နေတဲ့ ပဋိပက္ခတွေကိုဘယ်လိုတားမလဲ
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် MNDAA နှင့် ဖြစ်ပွားသည့် ပဋိပက္ခ၊ TNLA နှင့် ဖြစ်ပွားသည့် ပဋိပက္ခများတွင် ဌာနချုပ်နေရာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့အပြီး တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုများကြောင့် စားပွဲဝိုင်းသို့ ရောက်ရှိလာခဲ့ပြီး အပစ်ရပ်သဘောတူ စာချုပ်များကို ရေးထိုးနိုင်သကဲ့သို့ KIO/ KIA နှင့် ဖြစ်ပွားလျက်ရှိသည့် လက်ရှိအခြေအနေတွင်လည်း ယခင်နည်းများကဲ့သို့ပင် တိုက်ပွဲများရပ်တန့်အောင် လုပ်ဆောင်ရန် လိုအပ်နေသည်ဟု မြန်မာ့အရေးကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။
ဗန်းမော်မြို့တွင် တိုက်ပွဲများ ပြင်းထန်နေသည့်အချိန်တွင် KIO/ KIA ဌာနချုပ်ဖြစ်သည့် လိုင်ဇာမြို့ကို ကာမီကာဇေအသေခံဒရုန်းများဖြင့်သာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေယာဉ်များ ပျံဝဲလာချိန်တွင် တရုတ်နိုင်ငံဘက်က နယ်စပ်မှတစ်ဆင့် ဟန့်တားမှုများရှိခဲ့သည်ဟု သတင်းမီဒီယာအချို့တွင် ဖော်ပြခဲ့ကြသည်။
၂၀၂၅ ခုနှစ်အတွင်း KIO/ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့သို့ အသေခံဒရုန်းများဖြင့် တိုက်ခိုက်မှုမှာ ငါးကြိမ်ထက်မနည်းရှိခဲ့ပြီး လူထိခိုက်မှုများရှိခဲ့သည်ဟု BBC Burmese တွင် ဖော်ပြထားသည်။
" လူဦးရေ သိန်းနဲ့ သန်းနဲ့ချီ ဒုက္ခရောက်နေတဲ့ စစ်ပွဲကို မရပ်နိုင်ဘူးဆိုရင် အဆိုးဆုံးပဲ။ နှစ်ဖက်စလုံးက မြို့တွေ ဖျက်တာကို ရပ်ရမယ်။ ဒီဘက်က ဗုံးကြဲတာကို ရပ်ရမယ်။ဒီဘက်မှာတော့ ဟန့်တားစစ်ကို လုပ်ကိုလုပ်ရမယ်။ TNLA ဌာနချုပ်ကို ဗုံးကြဲလိုက်တယ်။ TNLA စားပွဲဝိုင်းပေါ်ရောက်လာတယ်" ဟု မြန်မာ့နိုင်ငံရေး လေ့လာသူတစ်ဦးက ပြောကြားသည်။
လက်ရှိအခြေအနေတွင်လည်း တရုတ်နိုင်ငံ၏ အနေအထားမှာ မေးခွန်းထုတ်စရာတခုဖြစ်လာကြောင်း၊ နယ်စပ်အနီးတွင် ဖြစ်ပွားသည့်အခြေအနေများတွင် ကြားဝင်မှုများရှိခဲ့သော်လည်း နယ်စပ်နှင့်ဝေးကွာသည့် မြန်မာနိုင်ငံအတွင်းပိုင်းတွင်ဖြစ်ပွားနေသည့်အခြေအနေများတွင်မူ မည်သည့်ဆောင်ရွက်ချက်မျှ မတွေ့ရသေးကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
" အထက်ပိုင်းက မြန်မာမြို့ကြီးတွေ သိန်းနဲ့ သန်းနဲ့ ချီပြီး ဒုက္ခရောက်နေတယ်။ စစ်ကို ဘာမှ မဟန့်တားနိုင်ဘူး။ မန်တုံနဲ့ နမ့်စန်ကို ဗုံးကြဲချိန်မှာ ဟန့်တားနိုင်တယ်။တရုတ်နိုင်ငံအနေနဲ့လည်း မဟန့်တားနိုင်ဘူးလား။ တရုတ်နိုင်ငံက သူတို့နယ်စပ်ကို ဗုံးမကြဲဖို့ပြောတယ်။ ဒီထဲမှာ တိုက်နေတာတော့ သူ မဟန့်တားနိုင်ဘူး။ KIA လုပ်နေတာကို မဟန့်တားဘူး။လူသိန်းနဲ့ချီရှိတဲ့ ဗမာနဲ့ ရှမ်းနီတွေနေတဲ့ မြို့နှစ်မြို့က ပျက်စီးသွားပြီ။ ဗန်းမော်နဲ့ ကသာပေါ့။ အထက်ပိုင်းက မြို့တွေ ပျက်စီးသွားပေမယ့် ဒီနှစ်မြို့က တိုးတက်နေတယ်။ အဲဒီတော့ အဓိကစစ်တပ်နဲ့ KIO ကြားငြိမ်းချမ်းမှုလား။ တရုတ်နိုင်ငံပါဝင်ပတ်သက်သလား။ ဒါပေမဲ့ ဗမာနဲ့ ရှမ်းနီလူထု သိန်းနဲ့ သန်းနဲ့ချီ ဒုက္ခရောက်နေတယ်။ မြေပုံမှာကြည့်လိုက်။ မန္တလေးအထက်ပိုင်း မြို့တွေတစ်မြို့မှ ငြိမ်းချမ်းတာ မရှိဘူး။အနည်းဆုံးလုပ်ကြံခံရ၊ သတ်ဖြတ်ခံရတယ်။ စစ်ရဲ့အသွင်အပြင်အားလုံး ရှိနေတယ်။ ဒီနှစ်မြို့ကတော့ ငြိမ်းချမ်းတယ်။ အဲဒါ ဘာကြောင့်လဲ။ ပေါ်လစီအမှားကြောင့် ဖြစ်ရင်တောင်မှ ဒီမြို့တွေ ပျက်စီးတာဟာကချင်အဖွဲ့မှာ ဘယ်သူ့မှာ တာဝန်ရှိလဲ။ ကသာပြီးရင် အောက်ကို ဆင်းလာမှာ ရွှေဘိုပဲ ရှိတော့မယ်။ ကောလင်းလည်း ပျက်သွားပြီ။ ပြီးရင် ဟုမ္မလင်းပျက်မယ်။ စစ်က ပျံ့လာမယ်။ ပျက်တော့မယ်။ ပြီးရင် မုံရွာ၊ ရွှေဘိုပျက်နိုင်တယ်။ ဗမာမြို့တွေ ပျက်နိုင်တယ်။ အထက်ပိုင်းက မြန်မာမြို့ကြီးတွေ သိန်းနဲ့သန်းနဲ့ ချီပြီး ဒုက္ခရောက်နေတယ်။ စစ်ကို ဘာမှ မဟန့်တားနိုင်ဘူး။ မန်တုံနဲ့ နမ့်စန်ကို ဗုံးကြဲချိန်မှာ ဟန့်တားနိုင်တယ်။ တရုတ်နိုင်ငံအနေနဲ့လည်း မဟန့်တားနိုင်ဘူးလား" ဟု ၎င်းကပြောကြားသည်။
■ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်၏ ပြောစကားများကို ခြေရာခံကြည့်ခြင်း
အမေရိကန်တွင်ပြုလုပ်ခဲ့သည့် ကချင် တော်လှန်ရေးနေ့အခမ်းအနားတွင် ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်၏ ပြောစကားများတွင် တိုက်ပွဲများနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံကို ယခင်ကတည်းကပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ NUG နှင့် ဆွေးနွေးရန်ဆန္ဒရှိသလားဟု နေ ပြည်တော်ကို မေးမြန်းခဲ့ကြောင်း၊ ပြီးခဲ့သည့် လပိုင်းကလည်း တရုတ်ကိုယ်စားလှယ်က အခြေအနေများကို မေးမြန်းခဲ့ကြောင်း ပြောကြားခဲ့သည်။
" လွန်ခဲ့တဲ့ လတွေက တရုတ်နိုင်ငံက အဆင့်မြင့် အရာရှိတစ်ဦးက အစည်းအဝေးမှာ ကျနော်တို့ကို မေးတယ်။ခင်ဗျားတို့ရှိတဲ့ အရင်းအမြစ်နဲ့ အခု စစ်ကောင်စီကို နိုင်မယ်လို့ ထင်သလားလို့ မေးတယ်။
ကျနော်တို့က အရင်တုန်းက တရုတ်နိုင်ငံရေးသမိုင်းကို ပြန်ကြည့်လိုက်လို့ရှိရင် အမေရိကန်နဲ့ရုရှား ကူညီတဲ့ ဘက်က နောက်ဆုံး ထိုင်ဝမ်ကို ထွက်ပြေးပြီး ဘယ်သူမှမကူညီတဲ့သူတွေက နိုင်ခဲ့တာမဟုတ်ဘူးလား လို့ပြန်မေးတော့ သူတို့က ဘာမှ မပြောတော့ဘူး။ ဖြစ်ရပ်မှန်တွေဆိုတော့" ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများတွင် တရုတ်နိုင်ငံနှင့် ပတ်သက်နေသည့်အခြေအနေများကို မြင်တွေ့နေရသည့် အခြေအနေဖြစ်သည်။
ပြီးခဲ့သည့် ၁၀၂၇ ဖြစ်စဉ်များမှ အစပြုကာ တရုတ်အစိုးရထံ အသိပေးထားသည့် အခြေအနေများဖြစ်နေ သည်ကို တွေ့ရသည်။
ယင်းအခြေအနေတွင် ဗိုလ်ချုပ်ကြီး ဂွန်မော်၏ ပြောစကားများအရ ၂၀၂၁ ခုနှစ် ကတည်းက တရုတ်အစိုးရထံအသိပေးထားပြီးဖြစ်သည်ကိုလည်း တွေ့ရသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကို အကြောင်းပြုကာ တရုတ်အစိုးရက ကိစ္စအများအပြားတွင် ဝင်ရောက်စိုးမိုး နေသည့်အခြေအနေတွင် KIO/ KIA ထိန်းချုပ်နယ်မြေများတွင် ထောက်ပို့လမ်းကြောင်းများကို လေကြောင်းတိုက်ခိုက်မှုများ ရှိမနေခြင်းမှာ မေးခွန်းထုတ်ရမည့် အခြေအနေလည်းဖြစ်သည်။
" ဘာလို့ လိုင်ဇာနဲ့ မိုင်ဂျာယန်ကို ဗုံးမကြဲလဲ။ တကယ်တော့ လိုင်ဇာနဲ့ မိုင်ဂျာယန်မှာရှိ နေတဲ့ လက်နက် စက်ရုံတွေ၊ ထောက်ပို့စခန်းတွေ၊ဌာနချုပ်တွေကို ဗုံးမကြဲဘဲနဲ့ မြန်မာပြည်တွင်းစစ်က ပြီးဆုံးနိုင်ဖို့ မရှိဘူး။ ဒီနေရာတွေကို လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် မလုပ်ဘဲနဲ့တော့ ဒီစစ် ပြီးဆုံးနိုင်မှာ မဟုတ်ဘူး။အဲဒါကို ဘာလို့ မလုပ်တာလဲ။ တရုတ်အစိုးရကြောင့်လား။ တရုတ်အစိုးရက တားမြစ်ထားလို့လား။ ဒါတွေကို တရုတ်အစိုးရ တာဝန်ရှိသူ တွေဖြေကြားဖို့လိုပြီ။ မြန်မာအချုပ်အခြာအာဏာကို တရုတ်အနေနဲ့ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်တယ်။ တရုတ်အစိုးရက ရွေးကောက်ပွဲမှာ ငြိမ်းချမ်းရေး၊တကယ်ကျတော့ ငြိမ်း ချမ်းရေးကို အရေခြုံပြီးတော့ အချုပ်အခြာအာဏာကို ထိပါးခဲ့တယ်။ မြန်မာပြည်မှာဖြစ်ပေါ်နေတဲ့ နယ်မြေသိမ်းစစ်ပွဲတွေ အားလုံးသည် ငြိမ်းချမ်းရေး...။ ငြိမ်းချမ်းရေးလို့ ပြောလိုက်တာနဲ့ အချုပ်အခြာ အာဏာကပါပြီ။ စကားလုံးတွေက အတိအကျမဟုတ်ပေမဲ့ အဓိကရည်မှန်းချက်ကတော့ ဒါပဲ။ မြန်မာပြည် မြောက်ပိုင်းကို အဆုံးရှုံးခံမှာလား။ NUG အပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်မှာလား။ ဒါက သူ(ဂွန်မော်)ကိုယ်တိုင်ပေးတဲ့ မက်ဆေ့ချ်လား။ ဒါမှမဟုတ် တရုတ်ကပေးတဲ့ မက်ဆေ့ချ်လားဆိုတာ မသဲကွဲဘူး။ မြန်မာအစိုးရကို ပုန်ကန်ကြတဲ့ လက်နက်ကိုင်သူပုန်တွေအားလုံးဟာ တရုတ်အစိုးရနဲ့ အဆက်အသွယ်ရှိတယ်ဆိုတာ မြင်နေရတဲ့အချက်တွေဖြစ်တယ်။ တကယ်ကျတော့ ဗိုလ်ချုပ်ကြီး ဂွမ်မော်က ၆၅ နှစ်နေ့မှာ အတိအကျစကားလုံးတော့ မဟုတ်ပေမဲ့ မက်ဆေ့ကတော့ ဒီမက်ဆေ့ပဲ။ သူပြောတာတွေကို လိုက်နာခြင်းမရှိဘူးဆိုရင် ဒါကို ဆက်လက်လုပ်ဆောင်သွားမယ်။ မြန်မာပြည်မြောက်ပိုင်းတစ်ခုလုံးကို တစ်စစီသိမ်းပြီးတော့ စစ်ကိုင်း၊ချင်းပြည်နယ်အားလုံး တစ်စချင်း သိမ်းပြီးတော့ အစိုးရ ထွက်ပြေး ရမယ်ဆိုတဲ့ စိန်ခေါ်ချက်မျိုးဖြစ်နေတယ်။ သူ့စကားက အတိအကျအဲလိုပြောတာမဟုတ်ပေမယ့် သူပေးချင်တဲ့ သတင်းစကားနဲ့ စိန်ခေါ်ချက်က ဒါမျိုးပဲ မဟုတ်ဘူးလား " ဟု မြန်မာ့နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက သုံးသပ်သည်။
သို့သော်လည်း ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်၏ ပြောစကားတွင် ပါဝင်သည့် တရုတ်ကွန်မြူနစ်ပါတီမှာ မည်သူ့အကူအညီမျှမပါဘဲ ချန်ကေရှိတ်အစိုးရကို တိုက်ခိုက်နိုင်ခဲ့သည်ဆိုသည်မှာ ကွဲလွဲမှုများရှိနေသည်ဟု ဝေဖန်မှုများ လည်းရှိနေသည်။
ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျပန်ကို တိုက်ထုတ်နိုင်ရန် ချန်ကေရှိတ်အစိုးရကို အမေရိကန်နှင့် ရုရှားတို့က ကူညီခဲ့ပြီး ၁၉၄၅ ခုနှစ် စစ်ပြီးခေတ်ကာလတွင် အမေရိကန်အစိုး ရက ချန်ကေရှိတ်ဘက်တွင် ကူညီခဲ့ပြီး ကွန်မြူ နစ်ပါတီ မော်စီတုံးဘက်မှ ရုရှားအစိုးရက ကူ ညီခဲ့ခြင်းဖြစ်သည်။
" ၁၉၄၉ မှာ ချန်ကေရှိတ်အစိုးရ တိုင်ဝမ် ထွက်ပြေးရပြီး၊တရုတ်ကွန်မြူနစ်ပါတီ အနိုင်ရ ခဲ့ရာမှာဆိုဗီယက်ရုရှားက တရုတ်ကွန်မြူနစ် ဘက်ကကူညီခဲ့တာဖြစ်လို့ အမေရိကန်နဲ့ရုရှား ကူညီတဲ့ချန်ကေရှိတ်ကို ဘယ်ကမှအကူအညီ မရတဲ့ တရုတ်ကွန်မြူနစ်ကနိုင်သွားတယ်ဆို တဲ့စကားက မှားနေပါတယ်" ဟုလည်း စစ်ရေးအကဲခတ် တစ်ဦးကလည်း ပြောကြားသည်။
■ တရုတ်အစိုးရကို အသိပေးပြီးမှ ဖော်ဆောင်တဲ့တိုက်ပွဲတွေလား
မြန်မာနိုင်ငံရှိ နေရာဒေသအချို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည် တရုတ်အစိုးရကို အသိမပေးဘဲ ဖြစ်ပွားခဲ့ခြင်းမရှိသည်ကို ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်၏ ပြောစကားများအရ သိရသည်။
ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်၏ ပြောကြားချက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားလာမည်ကို တရုတ်အစိုးရကို ကြိုတင်အသိပေးခဲ့ပြီးလက်ရှိဖြစ်ပွားနေသည့်အခြေအနေများနှင့်လည်း ဆက်သွယ်ပြောဆိုမှုများရှိနေသည်။
ယခင်က ဖြစ်ပွားခဲ့သည့် ၁၀၂၇ ဖြစ်စဉ်များတွင်လည်း တရုတ်အစိုးရထံ အသိပေးအကြောင်း ကြားခြင်းများရှိခဲ့သည်ဟု သတင်းများလည်း ထွက်ပေါ်လာခဲ့ဖူးသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရိုက်တာသတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ - ရှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်၏ ပြောကြားချက်တွင်လည်း မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်နေသည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး အသေးစိတ်ကိုတော့ ဖြေကြားခဲ့ခြင်းမရှိပေ။ထိုသို့သော အခြေအနေများက မြန်မာ့ငြိမ်းချမ်းရေးနှင့် ပတ်သက်လျင် တရုတ်၏ ရှုမြင်ချဉ်းကပ် လုပ်ဆောင်ပုံများ ၎င်းတို့၏ အာဂျင်ဒါနှင့် ဆောင်ရွက်မှုများအပေါ် မေးခွန်းထုတ်စရာဖြစ်နေစေသည်။
■ လာမည့်လွှတ်တော်နှင့်အစိုးရသစ်အတွက် စိန်ခေါ်ချက်
မြန်မာနိုင်ငံမြောက်ပိုင်းဒေသ၊ ရှမ်း မြောက်ဒေသများနည်းတူ ရခိုင်ဒေသတွင်လည်း ထိန်းချုပ်နယ်မြေများလျော့ကျလာသည့်အနေအထားများကိုလည်း မြင်တွေ့နေရကာ လာမည့်အစိုးရသစ်နှင့်လွှတ်တော်အတွက် တိုင်းပြည်၏ အချုပ်အခြာနှင့်နယ်မြေတည်တံ့ရေးမှာ အရေးကြီးသော စိန်ခေါ်မှုတစ်ခုဖြစ်လာနေပေသည်။
ရခိုင်မှ AA အဖွဲ့ကို ကြည့်လျင် ရခိုင်ပြည်နယ်၌ ၎င်းတို့က နယ်မြေဒေသအချို့ကို သိမ်းပိုက်ရရှိမှုနှင့်အတူ ကွန်ဖက်ဒရိတ်(ကွန်ဖက်ဒရေးရှင်း) ထက်မနိမ့်သည့်အနေအထားကို လိုချင်သည်ဟူသော စကား ပြောကြားလာခဲ့သည်။
" ခွဲထွက်ပြီး သီးခြားနိုင်ငံထူထောင်ဖို့ ဆန္ဒရှိလားဆိုရင် အထက်ကလည်း ကျနော် ပြောခဲ့ပါတယ်။ ယနေ့ထက်ထိ ယခုချိန်ထိ တော့က ကျွန်တော်တို့အနေနဲ့ ခွဲထွက်ဖို့ အစီအစဉ် ဆွဲထားတာတော့ မရှိပါ။ ကျွန်တော်တို့ ကတော့ ကွန်ဖက်ဒရေးရှင်းထက် မနိမ့်တဲ့အဆင့်ကို ရဖို့ဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ နိုင်ငံရေး ရည်မှန်းချက်ကို ကျွန်တော်တို့က ရန်သူ့ဖက်ကလည်း တောင်းနေဖို့ မဟုတ်၊ ကျွန်တော်တို့ ကိုယ်တိုင် အာမခံချက်ရှိအောင် ကျွန်တော်တို့ ဆက်လက်ပြီး လုပ်ဆောင်လုပ်ဖို့ ဖြစ်ပါတယ်” ဟု ၂၀၂၄ ခုနှစ် မတ်လပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောကြားထားသည်။
AA ခေါင်းဆောင် ထွန်းမြတ်နိုင်သည်လည်း အလားတူပြောကြားချက်များကို မကြာခန ပြောဆိုလေ့ရှိသည်ကို ၎င်း၏ အင်တာဗျူး အစီအစဉ်များတွင်တွေ့ရသည်။ KIO ကလည်း ၎င်းတို့နယ်မြေ သီးခြားသတ်မှတ်ရရှိရေး လုပ်ဆောင်လာသကဲ့သို့ ကရင် KNU ၊ ကရင်နီ၊ ချင်း စသည့် လက်နက်ကိုင်အဖွဲ့များ၊ ရှမ်းမြောက်မှ MNDAA အဖွဲ့တွေ လှုပ်ရှားလာမှုများ ကလည်း နယ်မြေတည်တံ့ရေးနှင့် အချုပ်အခြာအတွက် စိုးရိမ်စရာ အခြေအနေဟုပင် ဆိုရမည်ဖြစ်သည်။
ထိုသို့သော အကျပ်အတည်းအခြေအနေတွင် တရုတ်နိုင်ငံဘက်ကလည်း ငြိမ်းချမ်းရေးတွက် ဆွေးနွေး ရမည်ဟုဆိုကာ လက်နက်ကိုင်အဖွဲ့များက နယ်မြေများသိမ်းယူထား ခြင်းအပေါ် တားဆီးနိုင်ခြင်း၊ ယင်းနှင့် ပတ်သက်၍ မည်သို့မျှဆောင်ရွက်ပေးခြင်းမရှိခြင်းက ၎င်း၏ သြဇာနှင့် အာဂျင်ဒါ အတိုင်းသာ လုပိဆောင်နေသကဲ့သို့ ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောကြားသည်။
" တရုတ်က ငြိမ်းချမ်းရေးဆိုပြီးတော့ ဆွေးနွေးပွဲနဲ့ အပေးအယူသဘောမျိုး သူက ညှိနေတဲ့သဘော လုပ်နေတာဟာ အနာဂတ်မှာ မြန်မာ့အချုပ်အခြာကိုပါ စိန်ခေါ်သလိုဖြစ်နေတယ်ဆိုတာလည်း သတိပြုသင့်ပါတယ်။ ငြိမ်းချမ်းရေး၊ငြိမ်းချမ်းရေး ဆွေးနွေးပွဲလို့ ပြောပြီး လက်နက်ကိုင်တွေက နယ်မြေတွေသိမ်းတယ်။ တဖြေးဖြေးနဲ့ တိုင်းပြည်ပဲ့ပါသလို မဖြစ်ဖို့ လိုတယ်" ဟု မြန်မာ့နိုင်ငံရေးလေ့ လာသုံးသပ်သူတစ်ဦးက ပြောကြားသည်။
လာမည့်မတ်လလယ်တွင် ၂၀၂၅ ခုနှစ်ရွေးကောက်ပွဲမှ အနိုင်ရရှိသည့်လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်ခေါ်ယူတော့မည်ဖြစ်ပြီး ပေါ်ပေါက်လာမည့်လွှတ်တော်နှင့် အစိုးသစ်အတွက် အရေးကြီးသော စိန်ခေါ်မှုနှင့် မဖြစ်မနေဖြေရှင်းရမည့် ပြဿနာမှာ ငြိမ်းချမ်းရေး၊ အချုပ်အခြာအာဏာ နှင့် နယ်မြေများ မထိခိုက်မဆုံးရှုံးရေးပင် ဖြစ်သည်။
" KIA ဗိုလ်ချုပ်ဂွန်မော်ရဲ့စကားနဲ့ သူ့ရဲ့ဆိုလိုရင်း၊ သူပေးချင်တဲ့ မက်ဆေ့ခ်ျက သူပြောသလို NUG အပါအဝင် လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးပွဲလုပ်မလား။ ဒါမှမဟုတ်ရင် စစ်ကိုင်း၊ ကချင်နဲ့ ချင်း တစ်စစီသိမ်းပြီးတော့ မြန်မာပြည်မြောက်ပိုင်း အဆုံးရှုံးခံမလား။ နယ်မြေတစ်ခုပြီးတစ်ခုသိမ်းပြီး နောက်ဆုံးမှာ အစိုးရက တရုတ်ချန်ကေရှိတ်လို ထွက်ပြေးရလိမ့်မယ်ပေါ့။ အဲ့ဒီလို စကားလုံးအတိအကျနဲ့ ပြောတာမဟုတ်ပေမယ့် သူ့ရည်မှန်းချက်က ဒါမျိုးဖြစ်နေတယ်။ ဒါဟာ သူကိုယ်တိုင်ပြောတဲ့ စိန်ခေါ်ချက်လား၊ တရုတ်ကနေပေးတဲ့ မက်ဆေ့ခ်ျလား ဆိုတာ မသဲကွဲဘူးဆိုပေမယ့် မြန်မာနိုင်ငံမှာအစိုးရကို ပုန်ကန်တဲ့ လက်နက်ကိုင်တွေဟာ တရုတ်အစိုးရနဲ့ အဆက်အသွယ် ရှိတယ်ဆိုတာမျိုး မြင်နေရတဲ့အချက်တွေ ရှိတယ်။ KIA အနေနဲ့ တိုက်ခိုက်မှုတွေကို တရုတ်ကို အသိပေးပြီး လုပ်တယ်ဆိုတာမျိုး ပြောတယ်။ ဒါဆို ငြိမ်းချမ်းရေးလို့ပြောပြီး တရုတ ်ကမကထ လုပ်တဲ့ ဆွေးနွေးပွဲတွေကို မေးခွန်းထုတ်ရတော့မှာ ဖြစ်တယ်။ သေချာတာကတော့ လာမယ့်လွှတ်တော်နဲ့ အစိုးရသစ်အတွက်ကတော့ စိန်ခေါ်ချက်တွေရှိနေပြီ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တိုင်း နယ်မြေတွေပါသွားရတဲ့ သဘောတွေလည်း ရှေ့ပိုင်းတွေမှာရှိတယ်။ ရှမ်းမြောက်မှာဆိုရင်လည်း အဲ့ဒီအတိုင်းပဲ။ အစိုးရသစ်နဲ့ လွှတ်တော်အတွက်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ပြီး သူတို့ကတောင်းရင် နယ်မြေတွေ ပေးရမှာလား။ ကချင်ပြည်နယ်မှာဆိုရင် KIA လုပ်နေတဲ့ပုံအရဆို မြန်မာနိုင်ငံမြောက်ပိုင်းကို အဆုံးရှုံးခံမှာလား၊ ဘယ်လိုအဖြေရှာမလဲ။ ငြိမ်းချမ်းရေးဗန်းပြပြီး နိုင်ငံ အချုပ်အခြာနဲ့နယ်မြေတွေလဲလို့မရဘူး၊ အထိခိုက်ခံလို့မဖြစ်ဘူး၊ သူတို့တောင်းဆိုချက်တွေက မြန်မာပြည်တစ်ဝက်လောက် ပဲ့ပါသွားမယ့် အနေအထားနဲ့ကြုံနေရတယ်။ အဲ့ဒီတော့ လာမယ့် လွှတ်တော်နဲ့ အစိုးရသစ်ကို မေးခွန်းထုတ်စရာ ရှိလာတယ်။ နယ်မြေတွေ ပေးမှာလား။ ငြိမ်းချမ်းရေးနဲ့ အချုပ်အခြာအာဏာ၊ နယ်မြေကိုလဲမှာလား၊ ဘာဆက်လုပ်မလဲ။ ဘယ်လိုကိုင်တွယ်မှာလဲ။ လွှတ်တော်နဲ့ အစိုးရသစ်အတွက် အဓိက စိန်ခေါ်မှုဖြစ်လာနိုင်လို့ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်" ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောကြားသည်။
■ ■











