ဆိုမာလီယာနိုင်ငံ၏ အဓိကလေဆိပ်တစ်ခုတွင် လူပေါင်း ၅၅ ဦး လိုက်ပါလာသည့် ခရီးသည်တင်လေယာဉ်တစ်စင်းသည် အရေးပေါ်ဆင်းသက်ချိန်တွင် ပြေးလမ်းချော်သွားခဲ့ပြီးနောက် လေဆိပ်အနီးရှိ သမုဒ္ဒရာကမ်းစပ်သို့ ရောက်ရှိသွားခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြခဲ့သည်။
Starsky Aviation လေကြောင်းလိုင်းမှ အဆိုပါလေယာဉ်သည် မိုဂါဒစ်ရှုးမြို့တော် အေဒင် အဗ္ဗဒူလီ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဂါလ်ကာယိုမြို့သို့ ပျံသန်းထွက်ခွာပြီး မကြာမီအချိန်အတွင်းမှာပင် စက်ချွတ်ယွင်းမှုဖြစ်ပွားခဲ့သဖြင့် ထိုလေဆိပ်သို့ အရေးပေါ် ပြန်လည်ဆင်းသက်ခဲ့ရခြင်းဖြစ်သည်။
ထိုကဲ့သို့ အရေးပေါ်ဆင်းသက်ချိန်အတွင်း လေယာဉ်သည် ပြေးလမ်းကို ကျော်လွန်သွားခဲ့ပြီးနောက် လေဆိပ်အနီးရှိ အိန္ဒိယသမုဒ္ဒရာကမ်းစပ်တွင် လေယာဉ်ရပ်တန့်သွားခဲ့ခြင်းဖြစ်ကြောင်း လေကြောင်းလိုင်း၏ စီအီးအို အာမက် နျူအာက ပြောကြားခဲ့သည်။
ထိုဖြစ်စဉ်တွင် ခရီးသည် ၅၀ နှင့် လေယာဉ်အမှုထမ်း ၅ ဦးတို့ကို ဘေးကင်းစွာကယ်ထုတ်နိုင်ခဲ့ပြီး ဒဏ်ရာရရှိသူမရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
လေယာဉ်မတော်တဆ ဖြစ်ပွားရသည့် အကြောင်းရင်းကို အပြည့်အဝ စုံစမ်းစစ်ဆေးသွားမည်ဟု ဆိုမာလီယာ သယ်ယူပို့ဆောင်ရေးဝန်ကြီး မိုဟာမက် ဖာရာနာက ပြောကြားခဲ့သည်။
Ref: AP









