တရုတ်(တိုင်ပေ) က ပြည်တွင်းလုပ် ရေငုပ်သင်္ဘောအတွက် ပထမဆုံးအကြိမ် ရေအောက်စမ်းသပ်မှု ပြုလုပ်

တရုတ်(တိုင်ပေ) က ပြည်တွင်းလုပ် ရေငုပ်သင်္ဘောအတွက် ပထမဆုံးအကြိမ် ရေအောက်စမ်းသပ်မှု ပြုလုပ်
ဇန်နဝါရီ ၂၅ ရက်က တရုတ်(တိုင်ပေ) ခေါင်ရှန်မြို့တွင် ရေငုပ်သင်္ဘော Narwhal ပင်လယ်ပြင်တွင် ပထမဆုံး စမ်းသပ်မောင်းနှင်နေစဉ်
ဇန်နဝါရီ ၂၅ ရက်က တရုတ်(တိုင်ပေ) ခေါင်ရှန်မြို့တွင် ရေငုပ်သင်္ဘော Narwhal ပင်လယ်ပြင်တွင် ပထမဆုံး စမ်းသပ်မောင်းနှင်နေစဉ်
Published 30 January 2026

တရုတ် (တိုင်ပေ) သည် ၎င်းတို့၏ ပထမဆုံး ပြည်တွင်းလုပ် ရေငုပ်သင်္ဘောအတွက် ပထမဆုံးအကြိမ် ရေအောက်စမ်းသပ်မှုကို ဇန်နဝါရီ ၂၉ ရက်တွင် ပြုလုပ်ခဲ့ပြီး ယင်းသည် တရုတ်ရေတပ်ကိုဟန့်တားရန်နှင့် စစ်ပွဲဖြစ်ပွားလာပါက အရေးပါသော ရေကြောင်းလမ်းများကို ကာကွယ်ရန် ရည်ရွယ်သည့် စီမံကိန်း၏ မှတ်တိုင်တစ်ခုဖြစ်သည်။

တရုတ်သည် ၎င်း၏ အချုပ်အခြာအာဏာကို အခိုင်အမာပြသရန် နေ့စဉ်နီးပါး စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေချိန်တွင် ၎င်း၏ပိုင်နက်အဖြစ် ကြေညာထားသော တရုတ်(တိုင်ပေ)သည် ၎င်း၏စစ်တပ်ကို ခေတ်မီ အောင် ပြုလုပ်နေသည့် စီမံကိန်းများအနက် ပြည်တွင်းလုပ် ရေငုပ်သင်္ဘောအစီအစဉ်ကို အဓိက အစိတ်အပိုင်းတစ်ခုအဖြစ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ရေငုပ်သင်္ဘောစီမံကိန်းသည် အမေရိကန်နှင့် ဗြိတိန်အပါအဝင် နိုင်ငံအများအပြား မှ ကျွမ်းကျင်မှုနှင့် နည်းပညာများကို ရယူထားခြင်းဖြစ်သဖြင့် တရုတ်၏ သံတမန်ရေးအရ ဖယ်ကျဉ်ခံထားရသော တရုတ် (တိုင်ပေ) အတွက် ထူးခြားသော အောင်မြင်မှုတစ်ခု ဖြစ်သည်။

စုစုပေါင်း ရေငုပ်သင်္ဘော ရှစ်စင်းအထိ တည်ဆောက်ရန် စီမံကိန်းကို ဦးဆောင်နေသည့် တရုတ်(တိုင်ပေ)၏ CSBC ကော်ပိုရေးရှင်းက Narwhal ဟု အမည်ပေးထားသည့် ပထမဆုံးရေငုပ်သင်္ဘောသည် ပင်လယ်ပြင်တွင် ပထမဆုံး ရေအောက်စမ်းသပ်မှုကို ပြီးမြောက်ခဲ့ကြောင်း ဇန်နဝါရီ ၂၉ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါရေငုပ်သင်္ဘောကို ၂၀၂၄ ခုနှစ်တွင် ရေတပ်သို့ လွှဲပြောင်းပေးရန် သတ်မှတ်ထားသော်လည်း စီမံကိန်းမှာ ကြန့်ကြာမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

Narwhal ရေငုပ်သင်္ဘောသည် ရေတပ်သို့ လွှဲပြောင်းအပ်နှံခံခဲ့ရမည်ဆိုပါက ၁၉၈၀ ပြည့်လွန်နှစ်များက နယ်သာလန်မှ ဝယ်ယူထားသည့် လက်ရှိရေငုပ်သင်္ဘောနှစ်စီးနှင့်အတူ တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

“နိုင်ငံတကာရေးရာအခြေအနေတွေ၊ ကန့်သတ်ချက်တွေနဲ့ တရုတ်ရဲ့ ဖိအားတွေကြောင့် တရုတ် (တိုင်ပေ) ရဲ့ ပြည်တွင်းလုပ် ရေငုပ်သင်္ဘောစီမံကိန်းဟာ ဒီနေ့ထက်ထိ အခက်အခဲပေါင်းစုံ၊ စိန်ခေါ်မှုပေါင်းစုံကို ရင်ဆိုင်ခဲ့ရပါတယ်” ဟု CSBC က ဆိုသည်။

တရုတ် (တိုင်ပေ)သည် ယခုကဲ့သို့ ပြည်တွင်းလုပ် ရေငုပ်သင်္ဘောနှစ်စီးကို ၂၀၂၇ ခုနှစ်တွင် ဖြန့်ကြက်ချထားနိုင်ရန် မျှော်လင့်ထားပြီး နောက်ပိုင်းထွက်လာမည့် အမျိုးအစားများကို ဒုံးကျည်များ တပ်ဆင်ရန် ဖြစ်နိုင်ခြေရှိသည်ဟု ဆိုသည်။

အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၈ ဘီလျံ (ထိုင်ဝမ်ဒေါ်လာ ၄၉ ဒသမ ၃၆ ဘီလျံ) ကုန်ကျမည့် ပထမဆုံး ရေငုပ်သင်္ဘောသည် Lockheed Martin Corp ကုမ္ပဏီ၏ တိုက်ခိုက်ရေးစနစ်ကို အသုံးပြုမည်ဖြစ်ပြီး အမေရိ ကန်လုပ် Mark 48 အမျိုးအစား အလွန်လေးလံသော တော်ပီဒိုများကို တပ်ဆင်ထားမည် ဖြစ်သည်။

တရုတ် (တိုင်ပေ) ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် လေယာဉ်တင်သင်္ဘော သုံးစီး၊ ပဲ့ထိန်းဒုံးကျည်တင် ရေငုပ်သင်္ဘောများ ပိုင်ဆိုင်ထားပြီး ကိုယ်ပျောက်တိုက်လေယာဉ်များကိုပါ ထုတ်လုပ်နေသည့် တရုတ်နိုင်ငံ၏ စစ်အင်အားနှင့်ယှဉ်လျှင် အလွန်သေးငယ်နေဆဲဖြစ်သည်။သမ္မတ လိုင်ချင်တယ်က ၎င်း၏အစိုးရသည် ကာကွယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၄၀ ဘီလျံ ထပ်မံသုံးစွဲမည်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။

Ref:AFP        

Most Read

Most Recent