ယခင်အရေးပေါ် အခြေအနေကြေညာထားသည့် ၆၃ မြို့နယ်တွင် အရေးပေါ် အခြေအနေနှင့် စစ်အုပ်ချုပ်ရေးအမိန့်ကို ရက် ၉၀ ဆက်လက်တည်ရှိကြောင်း အမိန့်များအား ယနေ့(ဇန်နဝါရီ ၂၉ ရက်)တွင် အသီးသီးထုတ်ပြန်သည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် (၁/၂၀၂၅)ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်စွဲဖြင့် ထုတ်ပြန်၍ ယင်းအမိန့်တွင်ဖော်ပြပါရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ်များအား အရေးပေါ် အခြေအနေကြေညာခဲ့ကြောင်း၊ ယင်းအမိန့်သည် ယနေ့မှစ၍ နောက်ထပ်ရက်ပေါင်း (၉၀) အထိ အတည်ဖြစ်ကြောင်းကို ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့(ဇန်နဝါရီ ၂၉ ရက်)တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် (၁/၂၀၂၆) ဖြင့် အရေးပေါ်အခြေအနေအား ဆက်လက်ကြေညာခဲ့သည်။
ထိုသို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (၁/၂၀၂၆) ဖြင့် အရေးပေါ်အခြေအနေဆက်လက်တည်ရှိကြောင်း ကြေညာထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ မြို့နယ်များတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ထုတ်ပြန်၍ လုပ်ပိုင်ခွင့်နှင့်တာဝန်များကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ဆက်လက်အပ်နှင်းလိုက်ကြောင်းနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင်ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင် တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်းပြုနိုင်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(ဇန်နဝါရီ ၂၉ ရက်)တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်၊ ၂ / ၂၀၂၆ ဖြင့် စစ်အုပ်ချုပ်ရေးအမိန့်ကို ဆက်လက်ထုတ်ပြန်ခဲ့သည်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၁ /၂၀၂၅ နှင့် စစ်အုပ်ချုပ်ရေး အမိန့်အမှတ်၊ ၂ / ၂၀၂၅ တို့သည် ဆက်လက်အတည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီးမင်းအောင်းလှိုင်က စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၁/၂၀၂၆ ကို ယနေ့ (ဇန်နဝါရီ၂၉ ရက်)တွင် ထုတ်ပြန်သည်။
၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည့် အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားသည့် မြို့နယ်မှာ ၆၃ မြို့နယ်ဖြစ်ပြီး ယင်းမြို့နယ်များမှာ ကချင်ပြည်နယ်တွင် ငါးမြို့နယ်၊ ကယားပြည်နယ်တွင် သုံးမြို့နယ်၊ ကရင်ပြည်နယ်တွင် နှစ်မြို့နယ်၊ ချင်းပြည်နယ်တွင် ခုနစ်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုးမြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် ငါးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် သုံးမြို့နယ်၊ ရခိုင်ပြည်နယ်တွင် ၁၄ မြို့နယ်၊ ရှမ်းပြည်နယ်တွင် ၁၅ မြို့နယ် ဖြစ်သည်။















