ဂါဇာပဋိပက္ခကိုဖြေရှင်းရန် ရည်ရွယ်ဖွဲ့စည်းထားသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ဦးဆောင်မည့် "ငြိမ်းချမ်းရေးဘုတ်အဖွဲ့" တွင် ပါဝင်သွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနတ်က ဇန်နဝါရီ ၂၆ ရက်တွင် Facebook မှတစ်ဆင့် အတည်ပြုပြောကြားခဲ့သည်။
အဆိုပါဘုတ်အဖွဲ့တွင် အမြဲတမ်းအဖွဲ့ဝင်အဖြစ် ပါဝင်ရန် အမေရိကန်ဒေါ်လာ ၁ ဘီလျံ ထည့်ဝင်ရမည်ဖြစ်ပြီး သာမန်အဖွဲ့ဝင်အဖြစ် ပါဝင်ပါက ကနဦး သုံးနှစ်သက်တမ်းအတွက် အခမဲ့ဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံက မည်သည့်အဖွဲ့ဝင်အမျိုးအစားကို ရွေးချယ်မည်ဆိုသည်ကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
“ကမ္ဘောဒီးယားက ဒီအဖွဲ့အစည်းမှာ ပါဝင်သွားမှာပါ။ ဒါဟာ ကမ္ဘောဒီးယားရဲ့ ချစ်ကြည်မှုနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအပေါ် ထားရှိတဲ့ကတိကို ပြသတာပါ" ဟု ဝန်ကြီးချုပ်ဟွန်မာနတ်က ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသပြဿနာများနှင့် အထူးသဖြင့် ဂါဇာအရေးကို ဖြေရှင်းရာတွင် ပူးပေါင်းပါဝင်ရန် ထရန့်က ဟွန်မာနတ်ထံ ဇန်နဝါရီ ၁၆ ရက်တွင် ဖိတ်ကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။
ထရန့်သည် ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် နိုင်ငံအများအပြားသို့ ဖိတ်ကြားစာများပေးပို့ခဲ့ပြီး လက်ရှိတွင် အာရပ်စော်ဘွားများပြည်ထောင်စု၊ ဘာရိန်း၊ အယ်လ်ဘေးနီးယား၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ဘယ်လာရုစ်၊ အစ္စရေး အပါအဝင် နိုင်ငံအချို့က ပူးပေါင်းပါဝင်ရန် လက်ခံလိုက်ပြီဖြစ်ကာ ပြင်သစ်၊ ဂျာမနီ၊ ယူကေနှင့် စပိန်နိုင်ငံတို့က ငြင်းပယ်ခဲ့သည်။
ထိုင်းနိုင်ငံလည်း ထရန့်၏ ဖိတ်ကြားချက်ကို လက်ခံရရှိထားသည်။ သို့သော် ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရကူးလ်က လက်ရှိအစိုးရသည် ကြားဖြတ်အစိုးရအဖြစ်သာ တာဝန်ယူထားသဖြင့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါ၊ မပါ ဆုံးဖြတ်ချက်ကို နောင်တက်လာမည့်အစိုးရသစ်ကသာ ဆုံးဖြတ်သင့်သည်ဟု တုံ့ပြန်ထားသည်။
Ref: Khaosod English









