■ NLD အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးတာဝန်ယူခဲ့သူ ဒေါက်တာမြင့်ထွေး ထိုင်းနိုင်ငံ၌ ကွယ်လွန်

■ NLD အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးတာဝန်ယူခဲ့သူ ဒေါက်တာမြင့်ထွေး ထိုင်းနိုင်ငံ၌ ကွယ်လွန်
Published 27 January 2026

NLD အစိုးရလက်ထက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာမြင့်ထွေးသည် ဇန်နဝါရီ ၂၆ ရက်တွင် ထိုင်းနိုင်ငံ၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

ဒေါက်တာမြင့်ထွေး ကွယ်လွန်မှုနှင့် ပတ်သက်၍ ၎င်း၏ ညီဖြစ်သူ ဦးမင်းဟန်ထွေးက ၎င်းအသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာတွင် “အကိုအကြီးဆုံး Dr. ဦးမြင့်ထွေးသည်၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘာမင်ဂရက်ဆေးရုံတွင်၊ ဒေသစံတော်ချိန် ဇန်နဝါရီလ ၂၆ ရက်၊ ၂၀၂၆ ခုနှစ် ညနေ ၅:၄၃ နာရီတွင်၊ ကွယ်လွန်အနိစ္စရောက်သွားပါကြောင်း ဆွေမျိုးမိတ်ဆွေသင်္ဂဟများကိုသိစေအပ်ပါသည်”ဟု ရေးသားခဲ့သည်။

ဒေါက်တာမြင့်ထွေးသည် NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ မဖြစ်မီအချိန်အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

နိုင်ငံတော်တွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်နေစဉ်အတွင်း ဒေါက်တာမြင့်ထွေးသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရာထူးမှ အနားယူတော့မည်ဟု ၎င်းအသုံးပြုသည့် လူမှုကွန်ရက်မှတစ်ဆင့် အသိပေးခဲ့သည်။

ဒေါက်တာမြင့်ထွေးသည် ကွယ်လွန်ချိန်တွင် အသက် ၇၈ နှစ်ရှိပြီဖြစ်ပြီး အဆုတ်ကင်ဆာရောဂါအား ကုသနေစဉ် ရုတ်တရက်ကွယ်လွန်သွားခြင်းဖြစ်သည်ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးက BBC သတင်းဌာနသို့ ပြောကြားထားသည်။

 

Most Read

Most Recent