ဟစ်ဇ်ဘိုလာခေါင်းဆောင် နာအင်မ်ကာဆင်က ၎င်းတို့၏ ကျောထောက်နောက်ခံဖြစ်သည့် အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုမှန်သမျှ ၎င်းတို့လက်နက်ကိုင်အဖွဲ့ကိုပါ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဇန်နဝါရီ ၂၆ ရက်က ပြောကြားလိုက်ပြီး အီရန်ကို စစ်ပွဲသစ်ဖော်ဆောင်ခြင်းက ဒေသတစ်ခုလုံးကို မီးဟုန်းဟုန်းတောက်စေမည်ဟုပါ သတိပေးလိုက်သည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် ဒေါ်နယ်ထရန့်က အမေရိကန် စစ်သင်္ဘောစုတစ်စု ပင်လယ်ကွေ့သို့ ဦးတည်လာနေပြီဖြစ်ကြောင်းနှင့် ဆန္ဒပြသူများကို သွေးထွက်သံယို နှိမ်နင်းမှုများ ပြုလုပ်ပြီးနောက် အမေရိကန်အစိုးရက အီရန်ကို အနီးကပ်စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အီရန်နှင့် တစ်သားတည်းရှိကြောင်း ပြသသည့် ထောက်ခံပွဲတစ်ခုတွင် ကာဆင်က " ဖြစ်လာနိုင်တဲ့ ဘယ်လိုကျူးကျော်မှုမျိုးမှာမဆို ကျွန်ုပ်တို့ကို ပစ်မှတ်ထားတာဖြစ်သလို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့လည်း သန္နိဋ္ဌာန်ချထားတယ်။ ဒီတစ်ခါ အီရန်ကို စစ်ကြေညာမယ်ဆိုရင် ဒေသတစ်ခုလုံး မီးတောက်သွားလိမ့်မယ်။ အဲဒီတော့မှ ဘယ်လိုတုံ့ပြန်မလဲဆိုတာ ကျွန်ုပ်တို့ ဆုံးဖြတ်သွားမယ်။ ကြားနေ ကြည့်နေမှာတော့ မဟုတ်ဘူး။ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ စစ်ပွဲအခြေအနေပေါ် မူတည်တယ်"ဟု ရုပ်သံမိန့်ခွန်းဖြင့် ပြောကြားလိုက်သည်။
အီရန်သည် ဟစ်ဇ်ဘိုလာအဖွဲ့ကို နောက်ကွယ်မှ အဓိကပံ့ပိုးကူညီနေသူဖြစ်ပြီး ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း အဖွဲ့စတင်တည်ထောင်စဉ်ကတည်းက ရန်ပုံငွေနှင့် လက်နက်များကို အီရန်က ပံ့ပိုးပေးခဲ့သည်။
လွန်ခဲ့သည့်နှစ်လအတွင်း ကြားဝင်ညှိနှိုင်းပေးသူများမှတစ်ဆင့် ရှင်းလင်းပြတ်သားသည့်မေးခွန်းတစ်ခု ရခဲ့သည်ဟု ကာဆင်က ပြောသည်။ အမေရိကန်နှင့် အစ္စရေးတို့ အီရန်နှင့် စစ်မက်ဖြစ်ပါက ဟစ်ဇ်ဘိုလာအနေဖြင့် ဝင်ရောက်စွက်ဖက်နိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခြင်းဖြစ်သည်။ ဟစ်ဇ်ဘိုလာဘက်က ဝင်ရောက်မစွက်ဖက်ပါဆိုသည့်ကတိကို ကြားဝင်ညှိပေးသူများက တောင်းခဲ့ကြသည်ဟုလည်း ကာဆင်က ဆိုသည်။
အမေရိကန်နှင့် အစ္စရေးတို့၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရချိန် အီရန်ကို ထောက်ခံကြောင်း ပြသရန်အတွက် ဇန်နဝါရီ ၂၆ ရက်က လက်ဘနွန်နိုင်ငံတစ်ဝန်းရှိ ဟစ်ဇ်ဘိုလာအမာခံနယ်မြေများတွင် စုဝေးကြရန်လည်း ဟစ်ဇ်ဘိုလာအဖွဲ့က ထောက်ခံသူများကို တိုက်တွန်းခဲ့သည်။
ဘေရွတ်မြို့တောင်ဘက် ဆင်ခြေဖုံးများတွင် အချို့ထောက်ခံသူများက အီရန်ခေါင်းဆောင် အလီခါမေနီ၏ ရုပ်ပုံများ၊ ဟစ်ဇ်ဘိုလာနှင့် အီရန်အလံများကို ကိုင်ဆောင်ထားကြပြီး "အမေရိကန်ကျဆုံးပါစေ" ဟု ကြွေးကြော်ခဲ့ကြသည်။
ကာဆင်က ခါမေနီကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုမှန်သမျှကိုလည်း သတိပေးခဲ့သည်။
အီရန်ဦးသျှောင် ခါမေနီကို လုပ်ကြံပါက ဒေသတွင်းနှင့် ကမ္ဘာကြီး၏ တည်ငြိမ်မှုကို လုပ်ကြံခြင်းပင်ဖြစ်လိမ့်မည်ဟု ကာဆင်က သတိပေးလိုက်ပြီး အဆိုပါခြိမ်းခြောက်မှုက ဟစ်ဇ်ဘိုလာအဖွဲ့ကို တိုက်ရိုက်ဦးတည်နေသည်ဟု မှတ်ယူကာ သင့်လျော်သည့်အလျောက် တုံ့ပြန်ပိုင်ခွင့် အပြည့်အဝရှိသည်ဟု ပြောခဲ့သည်။
နှစ်ဖက်အပစ်အခတ်ရပ်စဲထားသော်လည်း အစ္စရေးသည် ဟစ်ဇ်ဘိုလာပစ်မှတ်များဟု ၎င်းတို့ယူဆသည့်နေရာများကို ပုံမှန်တိုက်ခိုက်မှုများ ပြုလုပ်နေပြီး လက်ဘနွန်တောင်ပိုင်းရှိ မဟာဗျူဟာကျသည်ဟုယူဆသည့် နေရာငါးခုတွင်လည်း အစ္စရေးတပ်များ ဆက်လက်တပ်စွဲထားသည်။
Ref: AFP









