အက်စတွန်ဗီလာအသင်းရဲ့နည်းပြ အူနိုင်းအမ်မရီက ဒီရာသီမှာ ယူရိုပါလိဂ်ဖလား ရယူနိုင်ဖို့ ရည်မှန်းထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်(၇)မှာ ဖီနာဘာချီအသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် တစ်ပွဲအလိုမှာပဲ (၁၆)သင်းအဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။
အူနိုင်းအမ်မရီဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆု (၄)ကြိမ်ရရှိထားတဲ့ အအောင်မြင်ဆုံးနည်းပြဖြစ်ပြီး အက်စတွန်ဗီလာအသင်းကိုလည်း ဥရောပပြိုင်ပွဲတွေမှာ (၃၁)ပွဲကစားပြီးချိန်မှာပဲ နိုင်ပွဲ(၂၀) ရယူပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့်(၃)နေရာ ရပ်တည်နေပေမဲ့ အူနိုင်းအမ်မရီက ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ ထိပ်ဆုံး(၅)သင်းစာရင်းထဲ ပါဝင်ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
အူနိုင်းအမ်မရီက ယူရိုပါလိဂ်ချန်ပီယံအဖြစ်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ဖို့ မျှော်လင့်နေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
ဖီနာဘာချီကို အနိုင်ရအပြီးမှာ အူနိုင်းအမ်မရီက ''ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ရဲ့ ရှင်းလင်းတဲ့ ရည်မှန်းချက်ကတော့ ဆုဖလားကို စိန်ခေါ်နိုင်တဲ့အသင်း ဖြစ်ဖို့ပါပဲ။ ချန်ပီယံလိဂ် ယှဉ်ပြိုင်ခွင့်ရဖို့ ဒီဖလားကို ကျွန်တော်တို့ လိုအပ်ပါတယ်။ ကျွန်တော်တို့လိဂ်က ဖြတ်သန်းရတာ အရမ်းခက်ခဲပါတယ်။ ကျွန်တော် ဒီအသင်းမှာ ဆုဖလားများစွာ ရယူသွားနိုင်ဖို့ မျှော်လင့်ထားပြီး ယူရိုပါလိဂ်က ဒီနှစ်အတွက် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တစ်ခုပါပဲ'' လို့ အူနိုင်းအမ်မရီက ပြောကြားခဲ့ပါတယ်။
ဖီနာဘာချီနဲ့ပွဲမှာ လူစားလဲချိန် ကွင်းလယ်ကစားသမား တီလေမန်းစ်နဲ့ တွန်းထိုးမှုဖြစ်ခဲ့ခြင်းအတွက်တော့ အူနိုင်းအမ်မရီက တီလေမန်းစ်က သူ့ရဲ့သားလို ကစားသမားဖြစ်တာကြောင့် ပြဿနာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။















