ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို ၂၀၂၂ ခုနှစ် ဇူလိုင် ၈ ရက်က နာရာမြို့ မဲဆွယ်စည်းရုံးရေးပွဲတစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သူ တရားခံ တက်ဆုယ ယာမာဂါမိအား ယနေ့ (ဇန်နဝါရီ ၂၁ ရက်) တွင် ထောင်တစ်သက်တစ်ကျွန်း အမိန့်ချမှတ်လိုက်ပြီဖြစ်သည်။
ယာမာဂါမိသည် ၂၀၂၅ ခုနှစ် အောက်တိုဘာတွင် စတင်ခဲ့သည့် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမှုမှာကတည်းက ၎င်းတွင် အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ သို့သော် ၎င်းအား မည်သို့ပြစ်ဒဏ်ပေးသင့်သည်မှာ ဂျပန်ပြည်သူများအကြား သဘောထားကွဲလွဲမှုများရှိခဲ့သည်။
အစိုးရရှေ့နေများက ယာမာဂါမိ၏ ပြစ်မှုသည် ကြီးလေးသည့်အတွက် ၎င်းကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်သင့်သည်ဟု တောင်းဆိုခဲ့ကြသည်။ သေနတ်ဖြင့် အကြမ်းဖက်မှု မရှိသလောက်နည်းသည့် ဂျပန်ကဲ့သို့သော နိုင်ငံမျိုးတွင် ဝန်ကြီးချုပ်တစ်ဦး လုပ်ကြံခံရမှုက တစ်တိုင်းပြည်လုံးကို တုန်လှုပ်ချောက်ခြားစေခဲ့သည်။
တရားခံဘက်မှ ရှေ့နေများကမူ ယာမာဂါမိသည် ဘာသာရေးဆိုင်ရာအလွဲသုံးစားမှု၏ သားကောင်ဖြစ်ခဲ့ရသည်ဟုဆိုကာ ပြစ်ဒဏ်လျှော့ပေါ့ပေးရန် တောင်းဆိုခဲ့ကြသည်။
ယာမာဂါမိ၏ မိခင်သည် Unification Church ခရစ်ယာန်အသင်းတော်ကို ယုံကြည်ကိုးကွယ်လွန်းမှုကြောင့် မိသားစုဒေဝါလီခံခဲ့ရကာ ဝန်ကြီးချုပ် အာဘေးနှင့် အသင်းတော်တို့အကြား ပတ်သက်မှုရှိနေသည်ကို သိပြီးနောက် ယာမာဂါမိက အာဘေးအပေါ် ရန်ငြိုးထားခဲ့သည်။
နေ့ခင်းဘက် မိန့်ခွန်းပြောနေစဉ် အာဘေးလုပ်ကြံခံရမှုက ထိုအသင်းတော်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဖြစ်လာစေပြီး ဂျပန်အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ နိုင်ငံရေးသမားများနှင့် အသင်းတော်တို့အကြား ဆက်နွယ်မှုများကိုပါ ဖော်ထုတ်နိုင်ခဲ့ကာ အစိုးရဝန်ကြီးအချို့ ရာထူးမှ နုတ်ထွက်ခဲ့သည်အထိ ဖြစ်ပွားခဲ့သည်။
ရှင်ဇိုအာဘေးသည် ဂျပန်သမိုင်းတွင် သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
Ref: BBC
Photos: CNN









