ကလေးသူငယ်များ ဆိုရှယ်မီဒီယာအသုံးပြုမှုကို တားမြစ်သည့် ဩစတြေးလျနိုင်ငံ၏ ဥပဒေသစ်ကို လိုက်နာသည့်အနေဖြင့် ၎င်းတို့၏ ပလက်ဖောင်းများပေါ်ရှိ အကောင့်ပေါင်း ၅၅၀,၀၀၀ နီးပါးကို ပိတ်သိမ်းဖယ်ရှားခဲ့ကြောင်း Meta ကုမ္ပဏီက ကြေညာထားသည်။
အသက် ၁၆ နှစ်အောက် ယူဆရသူများ၏ အင်စတာဂရမ်အကောင့် ၃၃၀,၀၀၀ ခန့် ၊ Facebook အကောင့် ၁၇၃,၀၀၀ နှင့် Threads အကောင့် ၄၀,၀၀၀ နီးပါးကို ပိတ်လိုက်ခြင်းဖြစ်သည်ဟု Meta က ဘလော့ပို့စ်တစ်ခုတွင် ဖော်ပြခဲ့သည်။
ဥပဒေက ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က စတင်အသက်ဝင်လာပြီး အသက် ၁၃ နှစ်မှ ၁၅ နှစ်ကြားဟု ယူဆရသည့် ဆယ်ကျော်သက်များကို ဒီဇင်ဘာ ၄ ရက်မှစတင်ကာ ၎င်းတို့၏အကောင့်များကို ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း စာတို၊ အီးမေးလ်၊ မက်ဆေ့ချ်များဖြင့် Meta က အကြောင်းကြားခဲ့သည်။
ဥပဒေအရ TikTok၊ YouTube၊ X၊ Reddit၊ Kick နှင့် Snapchat တို့လည်း သက်ရောက်မှုရှိပြီး ဆိုရှယ်မီဒီယာများအနေဖြင့် အသက် ၁၆ နှစ်အောက်များကို ၎င်းတို့၏ ပလက်ဖောင်းပေါ်တွင် အသုံးပြုခွင့်မပေးရန်နှင့် မလိုက်နာပါက ဩစတြေးလျဒေါ်လာ ၄၉ ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ ၃၃ သန်း) အထိ ဒဏ်ငွေပေးဆောင်ရန် သတ်မှတ်ထားသည်။
ဩစတြေးလျသည် ဆိုရှယ်မီဒီယာ၏ ဆိုးကျိုးများကြောင့် ယခုနှိမ်နင်းမှုမျိုးကို လုပ်ဆောင်သည့် ကမ္ဘာ့ပထမဆုံး ဒီမိုကရေစီနိုင်ငံဖြစ်လာခဲ့သည်။
Meta က ဥပဒေကို လိုက်နာရန် ကတိပြုထားသည်ဟုဆိုသော်လည်း “ဩစတြေးလျအစိုးရအနေနဲ့ အလုံးစုံပိတ်ပင်လိုက်တာထက်စာရင် အွန်လိုင်းမှာလုံခြုံမှုရှိတဲ့၊ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို ထိန်းသိမ်းပေးနိုင်တဲ့၊ အသက်အရွယ်နဲ့ကိုက်ညီတဲ့ အတွေ့အကြုံတွေ ပေးနိုင်အောင် ဆိုရှယ်မီဒီယာကုမ္ပဏီတွေနဲ့ အပြုသဘောဆောင်ဆွေးနွေးပြီး ပိုကောင်းတဲ့ နည်းလမ်းတွေရှာဖို့ တောင်းဆိုပါတယ်” ဟု ဇန်နဝါရီ ၁၂ ရက်ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဘီလျံနာ မာ့ခ်ဇူကာဘတ် ပိုင်ဆိုင်သည့် Meta ကုမ္ပဏီက ယခုကဲ့သို့တားမြစ်မှုကြောင့် လူငယ်များ အွန်လိုင်းလူမှုအသိုင်းအဝိုင်းမှ ဖယ်ကျဉ်ခံရမည်ဖြစ်ပြီး အချို့လည်း ထိန်းသိမ်းမှုအားနည်းသည့် အက်ပ်များနှင့် အင်တာနက်၏ အမှောင်ဘက်ခြမ်းသို့ သွေဖယ်ရောက်ရှိသွားမည်ကို မိဘများနှင့် ကျွမ်းကျင်သူများက စိုးရိမ်နေကြသည်ဟု ဆိုသည်။
သြစတြေးလျတွင် Facebook သုံးစွဲသူ ၁၅၀၀၀၀ နှင့် အင်စတာဂရမ်သုံးစွဲသူ ၃၅၀၀၀၀ ခန့်က အသက် ၁၃ နှစ်မှ ၁၅ နှစ်ကြားဟု ခန့်မှန်းထားသည်။
အင်စတာဂရမ် ၊ Facebook နှင့် Threads တို့ အသုံးပြုနိုင်သော အသက်အပိုင်းအခြားရှိ ဆယ်ကျော်သက်များကို ဆယ်လ်ဖီဗီဒီယိုရိုက်ခြင်းဖြင့် မျက်နှာကြည့်ပြီး အသက်စစ်ဆေးပေးနိုင်သည်ဟု Meta က ပြီးခဲ့သည့်လက ပြောသည်။ သို့မဟုတ် ယာဉ်မောင်းလိုင်စင်ဖြစ်စေ၊ အစိုးရမှထုတ်ပေးသည့် အခြားအိုင်ဒီကတ်များဖြစ်စေ ပေးပို့နိုင်သည်။
ဩစတြေးလျဝန်ကြီးချုပ် အန်သနီ အယ်လ်ဘန်နီးစ်က ဥပဒေ၏ရည်ရွယ်ချက်က “ကလေးကို ကလေးနှင့်တူအောင် နေထိုင်တတ်စေရန်” ဟု ပြောကြားခဲ့သည်။
Ref: Bloomberg









