စီရော်နယ်လ်ဒို၊ ဘန်ဇီမာ၊ ပွတ်ရှ်ကပ်စ်တို့ရဲ့ ဗိုလ်လုပွဲဂိုးပါဝင်ပတ်သက်မှုစံချိန်ကို ဗင်နီစီယပ်စ် လိုက်မီ

စီရော်နယ်လ်ဒို၊ ဘန်ဇီမာ၊ ပွတ်ရှ်ကပ်စ်တို့ရဲ့ ဗိုလ်လုပွဲဂိုးပါဝင်ပတ်သက်မှုစံချိန်ကို ဗင်နီစီယပ်စ် လိုက်မီ
Photo: X
Photo: X
Published 12 January 2026

ရီးယဲလ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ဟာ စီရော်နယ်လ်ဒို၊ ဘန်ဇီမာ၊ ပွတ်ရှ်ကပ်စ်တို့ရဲ့ ရီးယဲလ်ကစားသမားဘဝ ဗိုလ်လုပွဲဂိုးပါဝင်ပတ်သက်မှုစံချိန်ကို စပိန်စူပါဖလားဗိုလ်လုပွဲမှာ လိုက်မီခဲ့ကြောင်း သိရပါတယ်။

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်စူပါဖလားဗိုလ်လုပွဲမှာ ရီးယဲလ်က ဘာစီလိုနာကို (၂-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ဗင်နီစီယပ်စ်က အသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် စီရော်နယ်လ်ဒိုတို့ရဲ့ စံချိန်ကို အမီလိုက်နိုင်ခဲ့တာပါ။

ဗင်နီစီယပ်စ်ဟာ ရီးယဲလ်အသင်းအတွက် ဗိုလ်လုပွဲ (၁၅)ပွဲ ယှဉ်ပြိုင်ကစားရာမှာ (၉)ဂိုးသွင်းယူပြီး (၇)ဂိုးဖန်တီးနိုင်ခဲ့တာကြောင့် ဂိုးပါဝင်ပတ်သက်မှု (၁၆)ဂိုးရှိသွားခဲ့ပြီး စီရော်နယ်လ်ဒိုတို့ (၃)ဦးရဲ့စံချိန်ကို လိုက်မီသွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

စီရော်နယ်လ်ဒိုက ရီးယဲလ်အသင်းမှာ ကစားစဉ် ဗိုလ်လုပွဲ(၁၈)ပွဲ ဆင်နွှဲခဲ့ဖူးပြီး (၁၅)ဂိုးသွင်းကာ (၁)ဂိုးဖန်တီးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဘန်ဇီမာက ရီးယဲလ်အသင်းအတွက် ဗိုလ်လုပွဲ(၂၉)ကြိမ်ကစားခဲ့ပြီး ပွတ်ရှ်ကပ်စ်က ဗိုလ်လုပွဲ(၈)ကြိမ်ကစားကာ ဂိုးပါဝင်ပတ်သက်မှု (၁၆)ဂိုးရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

ဗင်နီစီယပ်စ်ဟာ အောက်တိုဘာလက ဗီလာရီးယဲလ်နဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ (၂)ဂိုးသွင်းယူပြီးနောက်ပိုင်း (၁၆)ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ပြီး စပိန်စူပါဖလားမှာမှ ဂိုးပြန်သွင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Most Read

Most Recent