ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ဒီဇင်ဘာလအတွက် အကောင်းဆုံးဆုတွေ ရွေးချယ်ဖို့ ဆန်ခါတင်စာရင်းတွေကို ဒီဇင်ဘာ ၈ ရက်က ထုတ်ပြန်ခဲ့ပြီး ပရိသတ်တွေအနနေဲ့ ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်မှာ ဇန်နဝါရီ ၁၂ ရက်အထိ ဝင်ရောက်မဲပေးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။
ဒီဇင်ဘာလ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ လိဒ်စ်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်၊ မန်စီးတီးတိုက်စစ်ကစားသမား ချာကီ၊ လီဗာပူးလ်တိုက်စစ်မှူး အက်ကီတီကီ၊ မန်စီးတီးတောင်ပံကစားသမား ဖိုဒန်၊ မန်စီးတီးတိုက်စစ်မှူး ဟာလန်း၊ အက်စတွန်ဗီလာတိုက်စစ်ကစားသမား မော်ဂန်ရော်ဂျာစ်၊ အက်စတွန်ဗီလာတိုက်စစ်မှူး ဝပ်ကင်စ်နှင့် ဖူလ်ဟမ်တိုက်စစ်ကစားသမား ဝီလ်ဆင်တို့ ပါဝင်ခဲ့ပါတယ်။
မန်စီးတီးကစားသမား လေးဦးအထိ ပါဝင်နေပြီး ငါးဂိုးသွင်းကာ ဂိုးဖန်တီးမှု သုံးကြိမ်ပြုလုပ်ခဲ့တဲ့ မန်စီးတီးတိုက်စစ်မှူး ဟာလန်းက အလားအလာအကောင်းဆုံးဖြစ်နေကြောင်း သိရပါတယ်။
ဆန်ခါတင်စာရင်းမှာ ပါဝင်နေသူတွေအနက် ဟာလန်းတစ်ဦးတည်းသာ ယခုရာသီမှာ လအလိုက်အကောင်းဆုံးကစားသမားဆု ရရှိဖူးသေးကြောင်း သိရပါတယ်။
အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်းမှာ နည်းပြလေးဦးပါဝင်ပြီး အာဆင်နယ်နည်းပြ အာတေတာ၊ အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီ၊ လိဒ်စ်နည်းပြ ဒန်နီယဲလ်ဖာ့ခ်၊ မန်စီးတီးနည်းပြ ဂွါဒီယိုလာတို့ ဖြစ်ပါတယ်။
လေးဦးစလုံးက ယခုရာသီမှာ လအလိုက်အကောင်းဆုံးနည်းပြဆု ရရှိဖူးခြင်းမရှိသေးပေ။
အကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင်စာရင်းမှာ ဖိုဒန်၊ ဂီမာရေ့စ်၊ ဝီလ်ဆင်၊ ဆန်ဂါရီ၊ ဘရူနိုဖာနန်ဒက်စ်၊ မော်ဂန်ရော်ဂျာစ်၊ ဒေါ်ဂူနှင့် ကယ်လ်ဗတ်လူဝင်တို့ ရဲ့ သွင်းဂိုးများ ပါဝင်ခဲ့ပါတယ်။
ဒီကစားသမားအားလုံးဟာလည်း အကောင်းဆုံးသွင်းဂိုးဆု ရရှိဖူးခြင်းမရှိသေးပါဘူး။
အကောင်းဆုံးကာကွယ်မှုဆုအတွက် ဆန်ခါတင်စာရင်းမှာ အာဆင်နယ်ဂိုးသမား ရာယာ၊ ပဲလေ့စ်ဂိုးသမား ဒင်းန်ဟန်ဒါဆန်၊ အက်စတွန်ဗီလာဂိုးသမား မာတီနက်ဇ်၊ မန်ယူဂိုးသမား လမ်းမန်းစ်တို့ပါဝင်ခဲ့ပါတယ်။
ရာယာနှင့် ဒင်းန်ဟန်ဒါဆန်တို့က ကာကွယ်မှုနှစ်ကြိမ်စီနှင့် ဆန်ခါတင်စာရင်းဝင်ခဲ့ကြောင်း သိရပါတယ်။















