အမေရိကန်နိုင်ငံရှိ လူကြိုက်အများဆုံး အားကစားနည်းစာရင်းမှာ ဘေ့စ်ဘောကိုကျော်ပြီး ဘောလုံးက အဆင့် ၃ ဖြစ်လာ

အမေရိကန်နိုင်ငံရှိ လူကြိုက်အများဆုံး အားကစားနည်းစာရင်းမှာ ဘေ့စ်ဘောကိုကျော်ပြီး ဘောလုံးက အဆင့် ၃ ဖြစ်လာ
Photo: X
Photo: X
Published 9 January 2026

အမေရိကန်နိုင်ငံရှိ လူကြိုက်အများဆုံး အားကစားနည်းစာရင်းမှာ ဘေ့စ်ဘောအားကစားနည်းကိုကျော်ပြီး ဘောလုံး(Soccer) အားကစားနည်းက အဆင့် ၃ ဖြစ်လာကြောင်း စစ်တမ်းတစ်ခုအရ သိရပါတယ်။

အဆိုပါစစ်တမ်းကို ကမ္ဘာကျော် The Economist မဂ္ဂဇင်းက ကောက်ယူထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး NFL (အမေရိကန်ဘောလုံး) အားကစားနည်းက ၃၆ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးနေရာမှာ ဆက်လက်ဦးဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။

၎င်းရဲ့နောက်မှာ ဘတ်စကက်ဘောအားကစားနည်းက ၁၇ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ ဘောလုံး(Soccer) အားကစားနည်းက ၁၀ ရာခိုင်နှုန်းဖြင့် တတိယနေရာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဘောလုံးအားကစားနည်းဟာ အမေရိကန်နိုင်ငံသားတွေရဲ့ အားပေးမှုအများဆုံး အားကစားနည်းတစ်ခုဖြစ်တဲ့ ဘေ့စ်ဘောကိုကျော်ဖြတ်ပြီး တတိယနေရာ ရောက်ရှိလာခြင်းဖြစ်ပါတယ်။

ဘေ့စ်ဘောအားကစားနည်းက ကိုးရာခိုင်နှုန်း၊ ရေခဲပြင်ဟော်ကီအားကစားနည်းက လေးရာခိုင်နှုန်း၊ တင်းနစ်၊ လက်ဝှေ့/MMA အားကစားနည်းက သုံးရာခိုင်နှုန်းစီ၊ ဂေါ့ဖ်အားကစားနည်းက နှစ်ရာခိုင်နှုန်းနဲ့ အစဉ်လိုက်ရပ်တည်လျက်ရှိပါတယ်။

မေဂျာလိဂ်ပြိုင်ပွဲကို ၁၉၉၆ ခုနှစ်မှာ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၃၀ အကြာ ၂၀၂၆ ရာသီမှာ အသင်းစုစုပေါင်း ၃၀ အထိ ရှိလာပါပြီ။

ဒီပြိုင်ပွဲမှာ စုစုပေါင်း ၁၆ သင်းက ချန်ပီယံဆုရရှိထားပြီး LA ဂလက်ဆီအသင်းက ချန်ပီယံဆုခြောက်ကြိမ်နဲ့ အအောင်မြင်ဆုံးအဖြစ် ရပ်တည်နေပါတယ်။

နောက်ဆုံးကျင်းပတဲ့ ၂၀၂၅ ရာသီမှာ မက်ဆီဦးဆောင်တဲ့ အင်တာမိုင်ယာမီအသင်းက ချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။

Most Read

Most Recent