ဘင်ဖီကာအသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ပေါ်တူဂီလိဂ်ဖလားဆီမီးဖိုင်နယ်မှာ ဘရာဂါကို ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတဲ့အတွက် ကစားသမားတွေကို လေ့ကျင့်ရေးကွင်းမှာ အိပ်ဖို့ ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။
ဘင်ဖီကာအသင်းဟာ ပေါ်တူဂီလိဂ်ဖလား ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်ပြီး ဆီမီးဖိုင်နယ်မှာ ဘရာဂါအသင်းကို (၁-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။
မော်ရင်ဟိုက ဆုဖလားနဲ့ အနီးစပ်ဆုံးဖြစ်နေတဲ့ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ဖို့ မျှော်လင့်ထားခဲ့တာကြောင့် ရှုံးပွဲအတွက် ဒေါသထွက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
''ကစားသမားတွေအနေနဲ့ အိမ်ပြန်ရမှာမဟုတ်ဘဲ လေ့ကျင့်ရေးကွင်းမှာ အိပ်ရမှာပါ။ မနက်ဖြန် လေ့ကျင့်ပြီးရင် နောက်နေ့ ထပ်လေ့ကျင့်ရပါမယ်။ စနေနေ့မှာ ကျွန်တော်တို့ ပွဲကစားဖို့မရှိဘဲ နောက်ပွဲက ဗုဒ္ဓဟူးနေ့မှာမှ ပေါ်တိုနဲ့ ကစားရမှာပါ။ လေ့ကျင့်ရေးကွင်းမှာ ပြိုင်ပွဲက ထွက်ခဲ့ရတဲ့အကြောင်း စဉ်းစားပြီး ကစားသမားတွေ အိပ်မပျော်ဖို့လည်း ကျွန်တော် မျှော်လင့်ပါတယ်'' လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။
မော်ရင်ဟိုဟာ ဒီရာသီမှာ ဘင်ဖီကာအသင်းကို ပြည်တွင်းပြိုင်ပွဲတွေမှာ ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပေမဲ့ ဘရာဂါနဲ့ပွဲမှာမှ ရှုံးပွဲတွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။















