■ ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ဖေဖော်ဝါရီ ၇ ရက်တွင် နေပြည်တော်၌ ကျင်းပမည်

■ ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ဖေဖော်ဝါရီ ၇ ရက်တွင် နေပြည်တော်၌ ကျင်းပမည်
Published 8 January 2026

၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ဖေဖော်ဝါရီ ၇ ရက်တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်ကြောင်း မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။

ဇန်နဝါရီ ၇ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရန် အခမ်းအနားကျင်းပရေးဦးစီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက်တွင် နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း ရုံတင်ဇာတ်ကားများထဲမှ ရွေးချယ်ထားသော ဆန်ခါတင်ဇာတ်ကားများကို ဆုရွေးချယ်ရေးဆပ်ကော်မတီက အသေးစိတ်ကြည့်ရှုစစ်ဆေးနေပြီဖြစ်ကြောင်း၊ အခမ်းအနားပြင်ဆင်ရေးအတွက် Forever Group Company Limited နှင့် ပေါင်းစပ်ပြီး ယခင်နှစ်များထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကို ခမ်းခမ်းနားနား အောင်အောင်မြင်မြင် ကျင်းပနိုင်ရန် သက်ဆိုင်ရာကဏ္ဍအလိုက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဦးစီးကော်မတီဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့အနေဖြင့် ဆုချီးမြှင့်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ လိုအပ်သည်များကို ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဦးစီးကော်မတီအတွင်းရေးမှူး ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က အခမ်းအနားအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဦးစီးကော်မတီအဖွဲ့ဝင်များနှင့် ဆပ်ကော်မတီဥက္ကဋ္ဌများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဦးစီးကော်မတီဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဦးစီးကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် ဝတ်စားဆင်ယင်မှုအကောင်း ဆုံးဆုရွေးချယ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်တို့က အွန်လိုင်းမှ တက်ရောက်ကြကြောင်း သိရသည်။

Most Read

Most Recent