ဗင်နီဇွဲလားနိုင်ငံသမ္မတ မာဒူရိုနှင့် ၎င်း၏ဇနီးဖြစ်သူ နိုင်ငံရေးသမားနှင့် ရှေ့နေ စီလီယာ ဖလောရက်စ်တို့ကို ဇန်နဝါရီ ၅ ရက်မွန်းလွဲပိုင်းက နယူးယောက်ဖက်ဒရယ်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ရာ နှစ်ဦးစလုံးက စွဲချက်အားလုံးအပေါ် အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ကြသည်။
မာဒူရိုက မူးယစ်ဆေးဝါးနှင့် အကြမ်းဖက်မှုဆိုင်ရာ ပူးပေါင်းကြံစည်မှု၊ ကိုကင်းတင်သွင်းရန် ပူးပေါင်းကြံစည်မှု၊ လက်နက်ဆိုင်ရာစွဲချက်များနှင့် ရင်ဆိုင်နေရပြီး ဇနီးနှင့် မာဒူရို၏သား အပါအဝင် အခြားဗင်နီဇွဲလား အကြီးပိုင်းအရာရှိများကလည်း စွဲချက်များ ရင်ဆိုင်နေရသည်။
စွဲချက်များအတွက် အပြစ်ရှိ၊ မရှိ မေးမြန်းလာမှုအပေါ် မာဒူရိုက "ကျွန်တော့်မှာ အပြစ်မရှိဘူး။ ကျွန်တော်ဟာ ဗင်နီဇွဲလားရဲ့သမ္မတအဖြစ် ရှိနေဆဲပါ။ ဇန်နဝါရီ ၃ ရက်ကတည်းက ပြန်ပေးဆွဲခံထားရတာပါ" ဟု စကားပြန်မှတစ်ဆင့် တရားသူကြီးကို လျှောက်လဲခဲ့သည်။
မာဒူရိုသည် တရားခွင်သို့ ဝင်လာရင်း ထိုနေရာတွင် ရှိနေသူများကို "ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ" ဟု နှုတ်ခွန်းဆက်ခဲ့သည်။ ဇန်နဝါရီ ၅ ရက်ရုံးထုတ်မှုက တစ်နာရီပင်မကြာခဲ့ပေ။
မာဒူရို၏ ဇနီးက ၎င်းကိုယ်၎င်း ဗင်နီဇွဲလားနိုင်ငံ၏ သမ္မတကတော်အဖြစ် မိတ်ဆက်ခဲ့ကာ ညာဘက်မျက်လုံးဖူးရောင်နေပြီး နဖူးတွင် ပတ်တီးစည်းထားသည်ကို တွေ့ရသည်။ ၎င်းတို့ကို ဝင်ဖမ်းသည့် စစ်ဆင်ရေးအတွင်း ရရှိခဲ့သည့်ဒဏ်ရာများဖြစ်နိုင်သည်။
ရုံးတော်အပြင်ဘက်တွင်မူ လူစုလူဝေးဖြစ်ခဲ့ပြီး ဗုံများတီးခတ်ကာ ဗင်နီဇွဲလားနိုင်ငံတော်သီချင်းကို သီဆိုဆန္ဒပြကြသူများရှိသည်။ အချို့ကလည်း အမေရိကန်၏ လုပ်ရပ်ကို ကန့်ကွက်ကာ မာဒူရိုကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
ဂျူလီယန်အက်ဆန်းကဲ့သို့ နာမည်ကျော်ပုဂ္ဂိုလ်များကို ရှေ့နေလိုက်ပေးခဲ့သူ အမေရိကန်ထိပ်တန်းရှေ့နေ ဘာရီဂျေပေါလ်လက်က မာဒူရိုဘက်မှရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေသည်။ လာမည့်ရုံးချိန်းကို မတ် ၁၇ ရက်နေ့တွင် ပြုလုပ်မည်။
Ref: NPR









