■ ဗင်နီဇွဲလားသမ္မတ မာဒူရို၏ ပိုင်ဆိုင်မှုမှန်သမျှကို ဆွစ်ဇာလန်က ချိပ်ပိတ်မည်

■ ဗင်နီဇွဲလားသမ္မတ မာဒူရို၏ ပိုင်ဆိုင်မှုမှန်သမျှကို ဆွစ်ဇာလန်က ချိပ်ပိတ်မည်
Published 6 January 2026

ဗင်နီဇွဲလားသမ္မတ မာဒူရို သို့မဟုတ် ၎င်းနှင့် ဆက်နွယ်နေသူများ၏ ဆွစ်ဇာလန်နိုင်ငံတွင်ရှိနေသည့် ပိုင်ဆိုင်မှုမှန်သမျှကို ချိပ်ပိတ်သိမ်းရန် ဆုံးဖြတ်ပြီးပြီဖြစ်ပြီး ချက်ချင်းသက်ရောက်မှုရှိမည်ဟု ဆွစ်ဇာလန်အစိုးရက ဇန်နဝါရီ ၅ ရက်တွင် ကြေညာလိုက်သည်။

ကာရာကက်စ်မြို့တွင် အမေရိကန်ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအတွင်း သမ္မတ မာဒူရိုနှင့် ဇနီးတို့ ဖမ်းဆီးခံခဲ့ရပြီး မူးယစ်ဆေးဝါးမှောင်ခိုကူးမှု စွဲချက်များအားရင်ဆိုင်ရန် ၎င်းတို့ကို နယူးယောက်မြို့သို့ ခေါ်ဆောင်သွားပြီးနောက် ဆွစ်အစိုးရက ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

လက်ရှိအခြေအနေအရ တရားမဝင်သည့်နည်းလမ်းဖြင့် ရရှိထားသည့် မည်သည့်ပိုင်ဆိုင်မှုမဆို ဆွစ်ဇာလန်နိုင်ငံပြင်ပသို့ လွှဲပြောင်း၍မရအောင် သေချာစေရန်အလို့ငှာ မာဒူရိုနှင့် ၎င်းနှင့် ဆက်နွယ်နေသူများ၏ ဆွစ်ဇာလန်ရှိ ပိုင်ဆိုင်မှုများကို ချိပ်ပိတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဆွစ်အစိုးရ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ချိပ်ပိတ်မှုက ဇန်နဝါရီ ၅ ရက်မှစတင်ကာ ချက်ချင်းသက်ရောက်မည်ဖြစ်ပြီး နောက်ထပ်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း လေးနှစ်ကြာ အကျုံးဝင်နေမည်ဖြစ်သည်။

နောင်ဖြစ်ပေါ်လာမည့် ဥပဒေရေးရာဆောင်ရွက်ချက်များအရ အဆိုပါငွေများသည် တရားမဝင်နည်းလမ်းဖြင့် ရရှိထားသည်ဟု ပေါ်ပေါက်လာပါက ထိုငွေများကို ဗင်နီဇွဲလားပြည်သူများအတွက် အကျိုးရှိစေရန် ဆောင်ရွက်ပေးသွားမည်ဟု ဆွစ်အစိုးရက ပြောသည်။

သို့သော် ယခုချိပ်ပိတ်မှုက လက်ရှိဗင်နီဇွဲလားအစိုးရအဖွဲ့ဝင်များကို သက်ရောက်မှုရှိမည်မဟုတ်ပေ။  

Ref: AFP

 

Most Read

Most Recent