■ တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများ လျင်မြန်စေရေးအတွက် တရားသူကြီးများ နေ့စဉ်တရားခွင်တက်ရာတွင် ဆောင်ရွက်ရသည့် ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းမည်

■ တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများ လျင်မြန်စေရေးအတွက် တရားသူကြီးများ နေ့စဉ်တရားခွင်တက်ရာတွင် ဆောင်ရွက်ရသည့် ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းမည်
Published 6 January 2026

တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများ လျင်မြန်စေရေးအတွက် တရားသူကြီးများ နေ့စဉ်တရားခွင်တက်ရာတွင် ဆောင်ရွက်ရသည့် ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပ ဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) နှင့် စပ်လျဉ်းသည့် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ဇန််နဝါရီ ၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးတွင်  ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၂၃ ပုဒ်မခွဲ (ဂ) တွင်ပါရှိသော ပုဒ်မခွဲငယ် (၂) ကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်သင်းသင်းနွဲ့က ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၂၃ ပုဒ်မခွဲ (ဂ) ပုဒ်မခွဲငယ် (၂) အရ တရားသူကြီးများသည် နေ့စဉ်တရားခွင်တက်ရန် စတင်ဆောင်ရွက်သည့် အချိန်တွင် တရားခွင်၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုနေရခြင်းမှာ လက်တွေ့တွင် မဖြစ်မနေလိုအပ်သည့်ကိစ္စမဟုတ်သည့်အပြင် နေ့စဉ်တရားခွင်တက်ရောက်သည့်အချိန်၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုသည့်အချက်ကို နိုင်ငံတကာတွင်လည်း သတ်မှတ်ထားမှုမရှိကြောင်း ဆွေးနွေးပြောကြားသည်။

ထို့ပြင် တရားရုံးများသည် အမြဲတမ်းတည်ထောင်ထားသော တရားရုံးများဖြစ်သဖြင့် နေ့စဉ်တရားခွင်တက်သည့်အချိန်တွင် ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရမည့်ဆိုသည့် ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ခြင်းဖြင့် တရားစီရင်ရေးဆိုင်ရာ နေ့စဉ်လုပ်ငန်းများကို လျင်မြန်စေမည်ဖြစ်သဖြင့် ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပြင်ဆင်လိုခြင်းဖြစ်ကြောင်းလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်သင်းသင်းနွဲ့က  ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက တရားသူကြီးများအား စတင်တာဝန်ပေးအပ်ချိန်တွင် ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုခြင်းကို ဆောင်ရွက်ရန် ပြည်ထောင်စုတရားစီရင်ရေးဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ခြင်း၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၂၃ ပုဒ်မခွဲ (ဂ) တွင်ပါရှိသော ပုဒ်မခွဲငယ် (၂) ကို ပယ်ဖျက်ပါကလည်း တရားစီရင်ရေးလုပ်ငန်းများကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ပြင်ဆင်ပြဋ္ဌာန်းသင့်သော ဥပဒေဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ဥပဒေပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါ်သင်းသင်းနွဲ့၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဦးအောင်မော်၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကြည်ကြည်သန်းအောင်၊ ပြည်ထောင်စုတရားစီရင် ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Most Read

Most Recent