ပြင်သစ်သမ္မတအမ်မန်နျူရယ်မက်ခရွန်က ပြင်သစ်၏ထိပ်တန်းလေယာဉ်တင် သင်္ဘောဖြစ်သည့် နျူကလီးယားစွမ်းအင်သုံး ချားလ်ဒီဂေါ၏နေရာတွင် နောက်ထပ်လေယာဉ်တင်သင်္ဘောကို အစားထိုးရန် မိမိက တရားဝင်ခွင့်ပြုလိုက်သည်ဟု ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်ရေတပ်ပြီးလျှင် တစ်စင်းတည်းသော နျူကလီးယားစွမ်းအင်သုံးလေ ယာဉ်တင်သင်္ဘော ချားလ်ဒီဂေါသည် ဆယ်နှစ်ကျော်တည်ဆောက်ခဲ့ပြီးနောက် ၂၀၀၁ တွင် ပြင်သစ်ရေတပ်၌ အသုံးပြုနေသော လေယာဉ်တင်သင်္ဘောဖြစ်သည်။
ယူအေအီးရှိ ပြင်သစ်စစ်သားများထံ သွားရာတွင် မက်ခရွန်က“နောက်ဆုံး စစ်ဘက်အစီအစဉ် ဥပဒေနှစ်ခုနဲ့လည်းညီညွတ်မှုရှိပြီး အသေးစိတ်ခြုံငုံစိစစ်တာကို လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ကျွန်တော်က ပြင် သစ်ကို လေယာဉ်တင်သင်္ဘောသစ်တပ်ဆင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ”ဟု ပြောကြားခဲ့သည်။
အပြီးသတ်ဆုံးဖြတ်ချက်ကို လွန်ခဲ့သော သီတင်းပတ်တွင် ချခဲ့ခြင်းဖြစ်သည်ဟု မက်ခရွန်က ဖြည့်စွက် ပြောခဲ့သည်။
“သားရဲတွေရဲ့ခေတ်မှာ သားရဲတွေကြောက်သွားစေဖို့ ကျွန်တော်တို့က သန်မာနေရမှာဖြစ်ပါတယ်”ဟု မက်ခရွန်က ပြင်သစ်စစ်သားများကို ပြောခဲ့သည်။
ပြင်သစ်က ချားလ်ဒီဂေါလေယာဉ်တင် သင်္ဘော၏နေရာတွင် အစားထိုးရေးအတွက် ကွင်းဆင်းလေ့လာမှုများကို ၂၀၁၈ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ကာ နှစ်နှစ်အကြာ ၂၀၂၀ ပြည့်နှစ်တွင် ကနဦးလုပ်ငန်းများကို စတင်ခဲ့ သည်ဟု သိရသည်။
ဥရောပသမဂ္ဂ(အီးယူ)၏ဒုတိယအင်အားအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သော ပြင်သစ်စီးပွားရေးကို အကျပ်အတည်းတွေ့စေသည့် ဘတ်ဂျက်ပြဿနာများရှိနေသည့်တိုင် လေယာဉ်တင်သင်္ဘောအသစ်ကို တရားဝင်တည်ဆောက်နေပြီဟု ပြင်သစ်ကကြေညာခဲ့သည်။
စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဖာဘီယန်မန်ဒွန်အပါအဝင် ပြင်သစ်၌ ဝေဖန်ပြောဆိုမှုများက ရုရှားနှင့် ဥရောပစစ်မက်ဖြစ်ပွားနိုင်သည်ဟူသော စိုးရိမ်မှုများရှိနေသည့်ကြားထဲ ပိုမိုအရေးပါသော နယ်ပယ်များကို ဦးစားပေးသင့်ကြောင်း ထောက်ပြနေသည်။
ယခုကဲ့သို့ တရားဝင်ကြေညာလိုက်ခြင်းကြောင့် လေယာဉ်တင်သင်္ဘောသစ်တည်ဆောက်ရေးအတွက် လိုအပ်သောကန်ထရိုက်အားလုံးကို လက်မှတ်ရေးထိုးနိုင်စေလိမ့်မည်ဟု မက်ခရွန်၏ရုံးက ပြောကြားခဲ့သည်။
နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောပင်ဖြစ်လာလိမ့်မည့်သင်္ဘောအသစ်သည် ချားလ်ဒီဂေါလေယာဉ်တင် သင်္ဘောထက် အရွယ်အစားအလွန်ပင်ကြီးလိမ့်မည်ဟု ဆိုသည်။
ချားလ်ဒီဂေါ၏တန်ချိန် ၄၂,၀၀၀ ၊ အရှည် ၂၆၁ မီတာတို့နှင့် နှိုင်းယှဉ်လိုက်ပါက လေယာဉ်တင်သင်္ဘောသစ်သည် တန်ချိန် ၈၀,၀၀၀ နီးပါးရှိမည်ဖြစ်ကာ အရှည်မီတာ ၃၁၀ ရှိမည်ဟု သိရသည်။
လေယာဉ်တင်သင်္ဘောသစ်သည် ဝန်ထမ်း ၂,၀၀၀ နှင့်အတူ တိုက်လေယာဉ် ၃၀ တင်နိုင်မည်ဖြစ်သည်။
ပြင်သစ်၏အနာဂတ်လေယာဉ်တင် သင်္ဘောသည် အမေရိကန်ရေတပ်၏ လေယာဉ်တင်သင်္ဘော ၁၁ စင်းထက် သေးနေသည်။ အမေရိကန်ရေတပ်က အသုံးပြုနေသော လေယာဉ်တင်သင်္ဘောများသည် တစ်စင်းကို တန်ချိန် ၁၀၀,၀၀၀ ကျော်ရှိသည့် သင်္ဘောများဖြစ်သည်။ ပြင်သစ်လေယာဉ်တင် သင်္ဘောအသစ်သည် တရုတ်၊ ဗြိတိန်၏တော် ဝင်ရေတပ်တို့ကအသုံးပြုနေသော လေယာဉ်တင်သင်္ဘောများ၏အရွယ်အစားနှင့်အတူ တူလောက်ပင်ဖြစ်ကာ တရုတ်၊ ဗြိတိန်တို့၏လေယာဉ်တင် သင်္ဘောများသည် နျူကလီးယားစွမ်းအင်သုံးသင်္ဘောများ မဟုတ်ပေ။
မက်ခရွန်သည် ပြင်သစ်စစ်သားများနှင့်အတူ ခရစ္စမတ်ပွဲဆင်နွှဲရန် ယူအေအီးသို့ လာရောက်ခြင်းဖြစ်သည်။ ပြင်သစ်နှင့်ယူအေအီးတို့၏နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေးကို တိုးတက်အောင်လုပ်ရန် ဆွေးနွေးခဲ့ သည်ဟု သိရသည်။
■ Ref: AFP















