■ ဂါဇာစစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအား ပိတ်ဆို့ရန် အစ္စရေး၏ ကြိုးပမ်းမှုကို ICC ပယ်ချ

■ ဂါဇာစစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအား ပိတ်ဆို့ရန် အစ္စရေး၏ ကြိုးပမ်းမှုကို ICC ပယ်ချ
Published 16 December 2025

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုက တရားမဝင်ဟုဆိုကာ အစ္စရေးက ပိတ်ဆို့ရန် ကြိုးပမ်းနေမှုကို ဒီဇင်ဘာ ၁၅ ရက်တွင် ပယ်ချလိုက်သည်။

တရားရုံး၏ စီရင်ချက်က အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုနှင့် ယခင် ကာကွယ်ရေးဝန်ကြီး ယိုအတ်ဂဲလန့်တို့အား စစ်ရာဇဝတ်မှုများ၊  လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုစွဲချက်များဖြင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာတွင်  ဖမ်းဝရမ်းထုတ်ထားခြင်းကို ဆက်လက်အတည်ပြုခဲ့သည်။ 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က ဟားမာ့စ်တို့ အစ္စရေးကို တိုက်ခိုက်ခဲ့မှုများအပြီးတွင် အခြေအနေများ ပြောင်းလဲခဲ့သဖြင့် သီးခြားစုံစမ်းစစ်ဆေးမှုတစ်ခု ထပ်မံစတင်ရမည်ဖြစ်ပြီး ICC မှ ဒုတိယအကြိမ် စုံစမ်းစစ်ဆေးမှုအတွက် တရားဝင်အကြောင်းကြားစာပေးပို့ရန် လိုသည်ဟု အစ္စရေးဘက်က တောင်းဆိုခဲ့သည်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ICC ၏ ပယ်ချချက်ကို လက်မခံကြောင်း တုံ့ပြန်ခဲ့ပြီး ICC ၏ ဆုံးဖြတ်ချက်က နိုင်ငံရေးဆန်သည်ဟု X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

လက်ရှိတွင် ICC က ၎င်း၏ တရားစီရင်ပိုင်ခွင့်အပေါ် အစ္စရေး၏ စောဒကတက်မှုအပြင် ICC ရှေ့နေချုပ်ကာရင်ခန်အား လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများဖြင့် ရာထူးတာဝန်နှင့် မသင့်လျော်ဟုဆိုကာ စွပ်စွဲထားသည်ကိုပါ စစ်ဆေးလျက်ရှိသည်။ ကာရင်ခန်က ထိုစွပ်စွဲချက်များကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားသည်။

ဇူလိုင်တွင်လည်း ဖမ်းဝရမ်းများ ရုပ်သိမ်းပေးရန် အစ္စရေး၏ တောင်းဆိုမှုကို ICC က ပယ်ချခဲ့ပြီး အောက်တိုဘာတွင် အယူခံထပ်ဝင်ပြန်ရာတွင်လည်း ငြင်းပယ်ခဲ့သည်။

Ref: AFP

Photo: The Times of Israel

 

Most Read

Most Recent