■ နိုင်ငံရေးစားပွဲဝိုင်းသို့ ရောက်လာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းသောနည်းဖြင့်သာ ပဋိပက္ခများကို ပြေလည်စေမည်ဖြစ်သည်ကိုသိရှိပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ လမ်းကြောင်းမှန်ပေါ်ရောက်ရှိရေး တိုက်တွန်းကြောင်း ယာယီသမ္မတ၏ ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာတွင် ဖော်ပြ

■ နိုင်ငံရေးစားပွဲဝိုင်းသို့ ရောက်လာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းသောနည်းဖြင့်သာ ပဋိပက္ခများကို ပြေလည်စေမည်ဖြစ်သည်ကိုသိရှိပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ လမ်းကြောင်းမှန်ပေါ်ရောက်ရှိရေး တိုက်တွန်းကြောင်း ယာယီသမ္မတ၏ ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာတွင် ဖော်ပြ
Published 15 December 2025

MNDAA ၊ TNLA၊ AA အဖွဲ့များ၏ လုပ်ဆောင်ချက်များသည် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ကြောင်းနှင့် ၎င်းတို့သည်ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွတည်ဆောက်ရန်ထက် တသီးတခြားရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာသည်ကို တွေ့ရဟုဆို

လက်နက်ကိုင်အကြမ်းဖက်နည်းဖြင့် မိမိတို့လိုလားချက်ကို တောင်းဆို၍မရနိုင်ဘဲ နိုင်ငံရေးစားပွဲဝိုင်းသို့ ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းသောနည်းဖြင့်သာ ပဋိပက္ခများကို ပြေလည်စေမည်ဖြစ်သည်ကို သိရှိပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ လမ်းကြောင်းမှန်ပေါ်ရောက်ရှိရေး တိုက်တွန်းကြောင်း ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ (ဒီဇင်ဘာ ၁၅ ရက်)တွင် ကျရောက်သည့် (၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။

ရခိုင်ပြည်နယ်သည် လမ်းပန်းဆက် သွယ်ရေးမှအစ အဘက်ဘက်၌ အခက်အခဲများစွာရှိသဖြင့် အစိုးရအဆက်ဆက် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို ယခုအချိန်အထိ အလေးထားဆောင်ရွက်ခဲ့ခြင်းကြောင့် ယခင်ကထက် အဆပေါင်းများစွာ ပြောင်းလဲတိုးတက်လျက်ရှိသည်မှာ အားလုံးအသိပင် ဖြစ်ကြောင်း၊ သို့သော်လည်း လက်ရှိကာလတွင် ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုမရှိသည်ကို အခွင့်ကောင်းယူ၍ မိမိတို့နိုင်ငံ၏ ပထဝီနိုင်ငံရေးအရ အရေးပါမှုကိုအသုံးချရန် အင်အားကြီးနိုင်ငံတချို့မှ ဩဇာလွှမ်းမိုးချုပ်ကိုင်လိုသည့်အတွက် ဆူပူအကြမ်းဖက်မှုများနှင့် မတည်မငြိမ်ဖြစ်အောင် ဖန်တီးပုံဖော်နေခြင်းကို မြင်တွေ့ ရမည်ဖြစ်ကြောင်း ယာယီသမ္မတက ​​ရေးသားပြောကြားသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်ခဲ့သည့် MNDAA ၊ TNLA၊ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ လုပ်ဆောင်ချက်များသည် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ကြောင်း၊ လက် နက်ကိုင်သောင်းကျန်းသူများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရ​​ကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများ၏ ခေတ်အဆက်ဆက် လက်နက်ကိုင်တိုက်ခိုက်မှုများသည် နိုင်ငံရေးကိုအကြောင်းပြပြီး လွဲမှားသောအယူအဆများဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြခြင်းသာ ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွတည်ဆောက်ရန်ထက် တသီးတခြားရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာကြသည်ကို တွေ့ရှိရ​​ကြောင်း၊ လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲအတွင်း အတင်းအဓမ္မရောက်ရှိစေခဲ့ကြောင်း၊ လက်နက်ကိုင်အကြမ်းဖက်နည်းဖြင့် မိမိတို့လိုလားချက်ကို တောင်းဆို၍ မရနိုင်ဘဲ နိုင်ငံရေးစားပွဲဝိုင်းသို့ ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းသောနည်းဖြင့်သာ ပဋိပက္ခများကို ပြေလည်စေမည်ဖြစ်သည်ကို သိရှိကြပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ လမ်းကြောင်းမှန်ပေါ်ရောက်ရှိကြရေး တိုက်တွန်းလိုကြောင်း ယာယီသမ္မတက ရေးသားပြောကြားသည်။

အလားတူ လက်နက်ကိုင်ပြဿနာများကြောင့် ထိခိုက်ဆုံးရှုံးမှုအများဆုံးသည် ဖွံ့ဖြိုးမှုအားနည်းသည့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များသာဖြစ်နေသည်ကို တွေ့ရကြောင်း၊ ထိုဒေသများသည် လွတ်လပ်ရေးမရမီနှင့် ရပြီးစကတည်းက အခြေအနေအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးတို့ကြောင့် ဖွံ့ဖြိုးမှုအားနည်းခဲ့သလို ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် လဲရာသူခိုးထောင်းဆိုသကဲ့သို့ ပိုမိုအခြေအနေဆိုးရွားနေသည်ကို တွေ့ရကြောင်း၊  ကမ္ဘာ့နိုင်ငံများကို လေ့လာကြည့်လျှင် နိုင်ငံ၏ ဝေးလံလှသော ကျေးလက်ဒေသများမှာပင် တည်ငြိမ်အေးချမ်းမှုရှိလျှင် ဖွံ့ဖြိုးတိုးတက်မှုရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် သဘာဝသယံဇာတပေါကြွယ်ဝသည့်အပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ကောင်းမွန်သော ရေခံ၊ မြေခံများရှိပြီးဖြစ်၍ တည်ငြိမ်အေးချမ်းမှု သာယာမှုရှိလာပါက ခေတ်အဆက်ဆက်ဖွံ့ဖြိုးမှုနောက်ကျနေသော ဒေသများတွင် ကျေးလက်ဒေသများပါမကျန် ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲမသွေဖြစ်ကြောင်းနှင့် ထို့ကြောင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဆင်းရဲဒုက္ခခံစားနေရပြီး ဖွံ့ဖြိုးမှုနောက်ကျနေသော ဒေသခံပြည်သူ လူထု၏မျက်နှာကို စာနာထောက်ထား၍ တည်ငြိမ်အေးချမ်းမှုကို အားလုံးက ဝိုင်းဝန်းကြိုးပမ်းပေးကြရန် တိုက်တွန်းလိုကြောင်း ယာယီသမ္မတကဆိုသည်။

မြန်မာနိုင်ငံအတွင်း နေထိုင်သည့် တိုင်းရင်းသားလူမျိုးအားလုံးသည် ရှေးနှစ်ပေါင်းများစွာကတည်းက အေးအတူပူအမျှ၊ တစ်မြေတည်းနေတစ်ရေတည်းသောက် စည်းလုံးညီညွတ်ခဲ့ကြသည့် ပြည်ထောင်စုဖွားညီအစ်ကိုမောင်နှမများပင်ဖြစ်ကြောင်း၊ ယနေ့အချိန်အခါတွင် ပြည်တွင်းမှ ပြည်ဖျက်သစ္စာဖောက်များနှင့် အင်အားကြီးနိုင်ငံများ၏ အကျိုးစီးပွားအတွက် မိမိတို့တိုင်းရင်းသားများကို ဆင်းရဲဒုက္ခရောက်စေပြီး မိမိတို့နေထိုင်ရာဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် အရင်းအမြစ်များကို စဉ်းစားဆင်ခြင်မှုကင်းမဲ့စွာဖြင့် ဖျက်ဆီးနေမည့်အစား မိမိတို့ရှင်သန်ကြီးပြင်းခဲ့ရာ ဒေသနှင့် နိုင်ငံတော်၏ အကျိုးအတွက် အားလုံးကအရှည်ကိုမျှော်တွေးကြရန် အရေးကြီးသည့်အချိန်ဖြစ်ကြောင်း၊ မိမိတို့အချင်းချင်း သွေးကွဲနေကြမည်ဆိုလျှင် နိုင်ငံတော်၏ စွမ်းအားများလျော့နည်းပြီး သူတစ်ပါးအလိုကျ လိုက်ပါဆောင်ရွက်ကြရသော လူမျိုးများအဖြစ် သမိုင်းမှတ်တမ်းကျန်ရစ်မည်ကို သတိချပ်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသာလျှင် မိမိတို့အားလုံး မျှော်လင့်ထားသည့် အေးချမ်းသာယာသောနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုနှင့် ပြည်တွင်း ပယောဂကင်းကင်းဖြင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတက သဝဏ်လွှာတွင် ရေးသားထားသည်။

ယင်းအပြင် နိုင်ငံတော်အနေဖြင့်လည်း ဆွေးနွေးမှုများကိုဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ကြိုဆိုလျက် ရှိကြောင်း၊ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသည့်အတိုင်း တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်သော စုပေါင်းအားဖြင့် နိုင်ငံ့အကျိုးကို တက်ညီလက်ညီ ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ယာယီသမ္မတက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများဖြစ်သည့် ရခိုင်၊ ကမန်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် စသည့် တိုင်းရင်းသားများသည် မြန်မာ၊ ချင်းစသည့် တိုင်းရင်းသားများနှင့် အတူယှဉ်တွဲနေထိုင်လျက်ရှိကြောင်း၊ ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့မှာ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုနှင့် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲမှု တို့အပေါ်တွင် မှီတည်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်မှုများသည် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် စွမ်းအားတစ်ရပ်အဖြစ် ဖြစ်တည်လျက်ရှိကြောင်း ယာယီသမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

မိမိတို့နိုင်ငံတွင် မကြာခင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပရေးတွင် ဒေသလုံခြုံမှုနှင့်တည်ငြိမ်အေးချမ်းမှုရှိရန် အဓိကလိုအပ်လျက်ရှိပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များအောင်မြင်ပြီး ပြည်သူများ လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို စည်းကမ်းတကျ အောင်မြင်စွာလျှောက်လှမ်းနိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်သည်နှင့်အမျှ လျင်မြန်စွာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတက ရေးသားပြောကြားသည်။

ရခိုင်ပြည်နယ်သည် ပထဝီဝင်အနေအထားအရ အနောက်ဘက်ကမ်းရိုးတန်းဒေသတွင် တည်ရှိကာ ဧရိယာစတုရန်းမိုင်ပေါင်း ၁၄,၂၀၀ ကျယ်ဝန်းပြီး အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်းဆက်စပ်လျက်ရှိသဖြင့် နိုင်ငံတော်အတွက်အရေးပါသော ပြည်နယ်တစ်ခုဖြစ်ကြောင်း၊  တော၊ တောင်၊ မြစ်ချောင်းများ စိမ်းလန်းစိုပြည်သော သစ်တောများရှိသည့်အပြင် ရှည်လျားလှပသည့် ပင်လယ်ကမ်းရိုးတန်းနှင့် ဆက်စပ်လျက်ရှိသည့်အတွက် မြေသယံဇာတများ၊ ရေသယံဇာတများ ပေါကြွယ်ဝပြီး အဖိုးတန်ထွက်ကုန်များ ထုတ်လုပ်နိုင်သည့် ဂုဏ်ယူဖွယ်ရာသာယာလှပသော ပြည်နယ်တစ်ခုလည်းဖြစ်ကြောင်း၊ ယနေ့အချိန်အခါသည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက နိုင်ငံတော်၏ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဟူသော အာဏာသုံးရပ်ကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် ကာလဖြစ်ကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် အထွေထွေရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် အစိုးရသစ်တစ်ရပ်ဖွဲ့စည်းပြီးချိန်အထိ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် အမျိုးသားပညာရေး၊ ကျန်းမာရေးကဏ္ဍများ မြင့်မားရေးတို့ကိုလည်း ဦးတည်ချက် (၄)ရပ်ချမှတ်ပြီး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း ယာယီသမ္မတက ရေးသားထားသည်။

ထို့ပြင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအနေဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကိုဖွဲ့စည်းပြီး ယခုဆိုလျှင် ဦးတည်ချက်(၄)ရပ်၏ နောက်ဆုံးအချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးတည်ချက်နှင့်အညီ ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ပြည်သူများ လိုလားတောင့်တသည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသော ဂုဏ်သိက္ခာရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပွင့်လင်းမြင်သာစွာဖြင့် လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစ၍ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဓိကလိုအပ်ချက်မှာ နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းမှုရှိရေးဖြစ်သဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက နိုင်ငံတော်အစိုးရနှင့်အတူ အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ယာယီသမ္မတကဆိုသည်။

နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် စီးပွားရေးနှင့်ဆက်စပ်လျက်ရှိသည့် ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေး တိုးတက်စေရေးစသည့် လုပ်ငန်းရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊  ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံအကျဆုံးဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ တိုးတက်အောင်မြင်မှုရရှိစေရန် မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများကို နည်းပညာနှင့် ပေါင်းစပ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဆိုပါက ပိုမိုအကျိုးရှိပြီး နိုင်ငံ့စီးပွားရေးကို တိုးတက်စေမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း အခြေခံရှိပြီးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော MSME လုပ်ငန်းများကို ပြည်နယ်အစွန်အဖျားပါမကျန် အကြားအလပ်မရှိ ဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များကလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အလေးထားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ယာယီသမ္မတက ​​သဝဏ်လွှာတွင် ရေးသားထားသည်။

ထို့အတူ နိုင်ငံတော်အစိုးရသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ သမဝါယမနှင့် စက်မှုလက်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး မတည်ရန်ပုံငွေမှ ထောက်ပံ့ကျပ် ၁၀ ဘီလျံကို ခွင့်ပြုထားပြီးဖြစ်ကြောင်း၊  ယခုအခါ အဆိုပါမတည်ငွေကို တောင်သူဦးကြီးများ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ၊ သမဝါယမအသင်းများနှင့် စက်မှုလက်မှုလုပ်ငန်း ဆောင်ရွက်သူများသို့ ခွဲဝေဆောင်ရွက်ထားပြီးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေကြပြီဖြစ်ကြောင်း၊ ထိုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ပေးခြင်းသည် လူဦးရေအများစုဖြစ်သော ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်လာစေမည်ဖြစ်ပြီး နိုင်ငံ၏အဓိကကုန်ထုတ်လုပ်ငန်းများ မြင့်မားလာစေမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးနေခြင်းသည် ရခိုင်ပြည်နယ်နှင့် ရခိုင်ဒေသတိုင်းရင်းသားပြည်သူများအပေါ် ထားရှိသည့် နိုင်ငံတော်၏ စေတနာနှင့် တိုင်းရင်းသားညီနောင်အချင်းချင်း မိသားစုစိတ်ဓာတ်၊ စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် အသိဉာဏ်ပညာပြည့်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူ့ဘောင်အသိုက်အဝန်းထွန်းကားရေးအတွက် ပညာရေးနှင့်ပတ်သက်ပြီး KG+9 အထိ မသင်မနေရသတ်မှတ်ပြီး အကောင်အထည်‌ ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊  ရခိုင်ပြည်နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရာခိုင်နှုန်းမြင့်မားရေး၊ ကျောင်းသား၊ ကျောင်းသူများကို အတန်းပညာ တတ်မြောက်စေရေး၊ တန်းစဉ်ကူးပြောင်းနှုန်းမြင့်မားရေးတို့ကို အလေးထားဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ကြောင်း၊ အနာဂတ်တွင် ပြည်နယ်အတွက်သာမက နိုင်ငံတော်အတွက်ပါ အားကိုးအားထားပြုရမည့် ဗလငါးတန်နှင့်ပြည့်စုံသောအရည်အချင်း ပြည့်ဝသည့်လူငယ်များ ပေါ်ထွန်းလာစေရေးအတွက် အတတ်ပညာပြည့်ဝရေးသည် အဓိကကျသလို အသိပညာ၊ ဗဟုသုတ၊ အတွေးအခေါ်အယူအဆ မှန်ကန်ရေးသည်လည်းမရှိမဖြစ် လိုအပ်လှပါကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာရေးကဏ္ဍမြှင့်တင်မှုကို ရည်မှန်းချက်များနှင့်အတူ တိုးတက်အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ယာယီသမ္မတက ရေးသား ပြောကြားသည်။

Most Read

Most Recent