ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်းတွင် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ လုပ် မလုပ်သည် ပုဂ္ဂလိကဆိုင်ရာကိစ္စဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီသာ ဖြစ်လိမ့်မည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဒီဇင်ဘာ ၁၄ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှုအမြစ်ပြတ်နှိမ်နင်းရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာတစ်ခုက "ရွေးကောက်ပွဲအလွန်ကာလ နိုင်ငံရေးအခင်းအကျင်းမှာ ယာယီသမ္မတ၊တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပါဝင်ဆောင်ရွက်မယ့် အခန်းကဏ္ဍကို သိလိုကြောင်းနှင့် ရွေးကောက်ပွဲအလွန် လွှတ်တော်များ ပေါ်ပေါက်ချိန်တွင် လွှတ်တော်များ၏ ရွေးချယ်မှုအရရော၊ လူထုထောက်ခံမှုဆန္ဒအရရော နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် ကမ်းလှမ်းခဲ့ပါက ယာယီသမ္မတအနေဖြင့် သမ္မတ တာဝန်ကို ဆက်လက်ထမ်းဆောင်ရန် အနေအထားမျိုး မြင်တွေ့ရနိုင်မလား" ဆိုသည့် မေးမြန်းမှုနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းဖြေကြားခြင်း ဖြစ်သည်။
အဆိုပါမေးခွန်းနှင့် ပတ်သက်၍ ဗိုလ်ချုပ် ဇော်မင်းထွန်းက "ဒါကတော့ ပုဂ္ဂလိကပိုင်းနဲ့ ဆိုင်တဲ့မေးခွန်းဗျ။ ကျွန်တော်ကတော့ သိသလောက်အထောက်အထား ရှိသလောက်ပဲပြောပါ့မယ်။ အခု ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့က ယခင် ၂၀၁၄ ခုနှစ်လောက်ကတည်းက ပြောခဲ့တာရှိတယ်။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ နိုင်ငံရေး ကဏ္ဍမှာ ဘယ်လိုပါဝင်မလဲဆိုတာ မီဒီယာတွေကလည်း မေးခဲ့ဖူးတယ်နဲ့ တူတယ်။ အဲဒီမှာ ပြောခဲ့ဖူးတာကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ အရင်ကတိုင် နိုင်ငံတော်ရဲ့ တာဝန်အဆင့်ဆင့်ကို သူ တာဝန်ယူခဲ့ဖူးတယ်။ နိုင်ငံတော်ရဲ့ တာဝန်အဆင့်ဆင့်ဆိုတာကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေနဲ့က နယက၊ နဝတ မှီလိုက်တာပေါ့။ ဒါ့ကြောင့် နယ်ဘက်တာဝန်အနေနဲ့က တိုင်းအေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီမှာလည်း ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ ပြီးရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လိုင်းဘက်ကို တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ အတွေ့အကြုံတွေရှိတယ်။ အတွေ့အကြုံတွေရှိတဲ့အတွက်ကြောင့်မို့လို့ သူ့အနေနဲ့ နိုင်ငံတော်က တာဝန်ပေးလာလို့ရှိရင် နိုင်ငံတော်အတွက် သူ့အတွေ့အကြုံတွေကို အမြဲတမ်းအသုံးချပေးပြီးတော့မှ လုပ်ဆောင်သွားမယ်ဆိုတဲ့ ပြောခဲ့ဖူးတဲ့ စကားတော့ ရှိပါတယ်။အဲဒီစကားကိုပဲ ပြန်ကိုးကားလိုတယ်" ဟု ပြောကြားသည်။
သမ္မတရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာကိစ္စရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိပြီးဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များမှ ဒုတိယသမ္မတများကို ရွေးချယ်ပြီးနောက် အဆင့်ဆင့်မဲပေးကာ သမ္မတကို ရွေးချယ်တင်မြှောက်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
"နောက်တစ်ခု သမ္မတ ရွေးချယ်မှုတွေကတော့ တစ်ဦးချင်းအနေနဲ့ကတော့ နိုင်ငံတော် သမ္မတလုပ်ချင်ပါတယ်လည်း ပြောလို့ မရဘူး။ မလုပ်ချင်ပါဘူးလည်း ပြောလို့ မရဘူး။ ဒါသူ့ဥပဒေအတိုင်းပဲ။ဆိုလိုတာက လုပ်ချင်ပါတယ်ဆိုတိုင်းလည်း ဥပဒေနဲ့ မညီရင် မဖြစ်ဘူး။ မလုပ်ချင်ပါဘူးဆိုတိုင်းလည်း ရွေးကောက်တင်မြှောက်ခံရရင် မဖြစ်ဘူးပေါ့နော်။ လုပ်ချင်ပါတယ်ဆိုတိုင်းလည်း မဖြစ်တဲ့လူတွေလည်း ရှေ့မှာ တွေ့ခဲ့ဖူးပြီးသားဖြစ်မှာပါ။ သမ္မတ ရွေးချယ်တဲ့နေရာမှာတော့ အခြေခံအချက်အလက်တွေရှိပါတယ်။ပြည်သူလူထုက ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေပေါ့နော့်။ ဒီလွှတ်တော်အမတ်တွေ၊ကိုယ်စားလှယ်တွေက ဒုတိယသမ္မတတွေကို ရွေးချယ်ရတာဖြစ်တယ်။ဒီသမ္မတ ရွေးချယ်တင်မြှောက်ခြင်းကိစ္စကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါပြီးဖြစ်တယ်။ အဲဒီတော့ သမ္မတ ရွေးချယ်ရေးအဖွဲ့နဲ့ ရွေးချယ်ပြီးမှ အဆင့်ဆင့်ပေါ့ မဲပေးရတာ ရှိတယ်။ မဲပေးပြီးဖြစ်လာရင်တော့လည်း သမ္မတလုပ်နိုင်ပါတယ်။ ဥပဒေအရ အကျုံးဝင်ရင် လုပ်နိုင်ပါတယ်။ဒီတော့ ကျွန်တော့်အနေနဲ့ ပြောလိုတာကတော့ အနှစ်ချုပ်ပြီး ပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီပဲ ဖြစ်ပါလိမ့်မယ်လို့ပဲ ပြောချင်ပါတယ်" ဟု ၎င်းက ပြောကြားသည်။















