နိုင်ငံလူဦးရေ၏ သုံးပုံနှစ်ပုံနီးပါးကို ထိခိုက်နိုင်ဖွယ်ရှိသည့် ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုများနှင့်ပတ်သက်ပြီး အွန်လိုင်းဈေးဝယ်ပလက်ဖောင်းတစ်ခုဖြစ်သည့် Coupang ကုမ္ပဏီ၏ ဆိုးလ်ရုံးချုပ်ကို ဒီဇင်ဘာ ၉ ရက်တွင် တောင်ကိုရီးယားရဲတပ်ဖွဲ့က စီးနင်းရှာဖွေခဲ့သည်။
Coupang သည် ကုန်စုံပစ္စည်းများမှ အီလက်ထရောနစ်ပစ္စည်းများအထိ ထုတ်ကုန်များကို အမြန်ဆုံးနှုန်းဖြင့် ပို့ဆောင်ဝန်ဆောင်မှုပေးနေသည့် တောင်ကိုရီးယား၏ လူကြိုက်အများဆုံး အွန်လိုင်းဈေးဝယ်ပလက်ဖောင်းဖြစ်သည်။
သို့သော် ယခုနှစ်အတွင်း ဝယ်ယူသူဖောက်သည်များ၏ အမည်များ၊ အီးမေးလ်လိပ်စာများ၊ ဖုန်းနံပါတ်များ၊ အိမ်လိပ်စာများ စသည့်ဒေတာများ ပေါက်ကြားခဲ့ကြောင်း၊ ငွေပေးချေမှုနှင့် လော့ဂ်အင်ဝင်ရောက်မှု အချက်အလက်များကတော့ မထိခိုက်ခဲ့ကြောင်း ကုမ္ပဏီဘက်က အာဏာပိုင်များထံ အသိပေးလိုက်ရသည်။
ဖောက်သည် ၃၃ ဒသမ ၇ သန်း၏ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံလူဦးရေ၏ သုံးပုံနှစ်ပုံနီးပါးဖြစ်သည်။
ဒီဇင်ဘာ ၉ ရက်တွင် ရဲတပ်ဖွဲ့က Coupang ၏ ဆိုးလ်ရုံးချုပ်ကို သွားရောက်ရှာဖွေခဲ့ပြီး ရဲတပ်ဖွဲ့၏ ဆိုက်ဘာစစ်ဆေးရေးဌာနမှ အရာရှိ ၁၇ ဦး ပါဝင်ခဲ့သည်။
သမ္မတ လီဂျေးမြောင်ကလည်း ယခုဖြစ်ရပ်ကို အမြန်ဆုံးဖော်ထုတ်အရေးယူရန် ညွှန်ကြားထားသည်။
Coupang ၏ ပြည်ပဆာဗာများမှတစ်ဆင့် ဇွန် ၂၄ ရက်မှ နိုဝင်ဘာ ၈ ရက်အတွင်း ဒေတာများ ပေါက်ကြားခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီက ထိုအကြောင်းကို နိုဝင်ဘာမှသာ သိရှိခဲ့ကာ တရုတ်နိုင်ငံသား ဝန်ထမ်းဟောင်းတစ်ဦးကို အမှုဖွင့်တိုင်ကြားလိုက်သည်။
ကုမ္ပဏီသည် ၎င်း၏ နိုင်ငံတကာရုံးချုပ်စိုက်ရာ အမေရိကန်ပြည်ထောင်စု၌ပါ တရားစွဲမှုများနှင့် ရင်ဆိုင်နေရသည်။ ထို့အပြင် သုံးစွဲသူများကို ကုမ္ပဏီဘက်က မည်သို့လျော်ကြေးပေးမည်ကိုလည်း အဖြေပေးရန်လိုကြောင်း တောင်ကိုရီးယားသမ္မတရုံးက တောင်းဆိုနေသည်။
ယခုဖြစ်ရပ်မတိုင်မီ တောင်ကိုရီးယား၏ အကြီးဆုံး မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီ SK Telecom လည်း ဆိုက်ဘာတိုက်ခိုက်ခံရမှုကြောင့် သုံးစွဲသူ ၂၇ သန်းနီးပါး၏ ဒေတာများ ပေါက်ကြားခဲ့ကာ ကိုရီးယားဝမ် ၁၃၄ ဘီလျံ ဒဏ်ကြေးပေးလိုက်ရသည်။
ကမ္ဘာပေါ်တွင် ဆက်သွယ်ရေးကွန်ရက် အမြင့်ဆုံးနိုင်ငံများထဲမှ တစ်ခုဖြစ်သည့် တောင်ကိုရီးယားသည် အိမ်နီးချင်းမြောက်ကိုရီးယား၏ ဆိုက်ဘာပစ်မှတ်လည်းဖြစ်သည်။
Ref: AFP









