စင်ကာပူတွင် မူးယစ်ဆေးဝါးပြစ်မှုများဖြင့် အမျိုးသားသုံးဦးကို နှစ်ရက်အတွင်း ကွပ်မျက်

စင်ကာပူတွင် မူးယစ်ဆေးဝါးပြစ်မှုများဖြင့် အမျိုးသားသုံးဦးကို နှစ်ရက်အတွင်း ကွပ်မျက်
Published 2 December 2025

စင်ကာပူနိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်း မူးယစ်ဆေးဝါးပြစ်မှုများဖြင့် အမျိုးသားသုံးဦးကို ကြိုးပေးကွပ်မျက်လိုက်ပြီဖြစ်ကာ ယခုနှစ်အတွင်း ကွပ်မျက်ခံရသူ စုစုပေါင်း ၁၇ ဦး အထိရှိလာပြီး ၂၀၀၃ ခုနှစ်နောက်ပိုင်း အများဆုံးကွပ်မျက်ခံရသည့်နှစ် ဖြစ်လာသည်။

စင်ကာပူသည် ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဥပဒေအချို့ရှိရာနိုင်ငံဖြစ်ပြီး  ယင်းသို့အပြစ်ပေးခြင်းက အရှေ့တောင်အာရှ၏ ကြီးမားသော ပြဿနာဖြစ်နေသည့် မူးယစ်ရာဇဝတ်မှုအတွက် မရှိမဖြစ်တားဆီးကာကွယ်မှုဟု စင်ကာပူအစိုးရက ပြောဆိုသည်။

စင်ကာပူနိုင်ငံတွင် ဘိန်းဖြူ ၁၅ ဂရမ်၊ ကိုကင်း ၃၀ ဂရမ်၊ မက်သာဖက်တမင်း ၂၅၀ ဂရမ် ၊ ဆေးခြောက် ၅၀၀ ဂရမ်ထက် ပို၍ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ သယ်ယူပို့ဆောင်ခြင်း အပါအဝင် မူးယစ်ဆေးဝါးမှောင်ခိုမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူ မည်သူမဆို သေဒဏ်ချမှတ်ခံရမည်ဖြစ်သည်။

စင်ကာပူလူ့အခွင့်အရေး Transformative Justice Collective က စင်ကာပူ၏ရက်စက်ကြမ်းကြုတ်သည့် မူးယစ်ဆေးတိုက်ဖျက်ရေးစနစ်လိုမျိုး ကမ္ဘာ့စင်မြင့်ထက်တွင် သိပ်မတွေ့ရတော့ဟု ရှုတ်ချထားကာ မူးယစ်ဆေးဝါးပြစ်မှုများအတွက် ကွပ်မျက်သည့်နည်းကို ဆက်လက်ကျင့်သုံးသည့် နိုင်ငံအနည်းငယ်စုသာ ရှိတော့ကြောင်း ထောက်ပြခဲ့သည်။

စင်ကာပူအစိုးရကလည်း သေဒဏ်ကို ဖယ်ရှားလိုက်ပါက ပိုမိုဆိုးရွားသော အကျိုးဆက်များဖြစ်သည့် ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးကြောင့်ဖြစ်သည့်သေဆုံးမှု၊ အပြစ်မဲ့ကလေးငယ်များသေဆုံးမှု စသည်တို့  ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးပြောဆိုထားပြီးဖြစ်သည်။

ယခုကွပ်မျက်ခံရသူသုံးဦးထဲ မလေးရှားနိုင်ငံသား ဆမ်နီနာသန်ဆိုသူလည်းပါဝင်ပြီး ၎င်းကအခြားအကျဉ်းသားသုံးဦးနှင့်အတူ စက်တင်ဘာတွင် သမ္မတထံ လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။ စင်ကာပူတွင် ထိုသို့အယူခံဝင်မှုအများစုက ပယ်ချခံရလေ့ရှိသည်။

ပို့ဆောင်ရေးယာဉ်မောင်း ဆာမီနာသန်သည် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်ညပိုင်းက မလေးရှားမှ စင်ကာပူသို့ ဘိန်းဖြူ ၃၀၁ ဒသမ ၆ ဂရမ် သယ်ယူပို့ဆောင်ခဲ့မှုဖြင့် ပြစ်မှုထင်ရှားခဲ့ကာ ၎င်းကမူ ထိုနေ့ အစောပိုင်းတွင် ကုမ္ပဏီနောက်တွဲယာဉ်ကို မောင်းနှင်ခဲ့သည်မှာမှန်သော်လည်း မူးယစ်ဆေးဝါးများကို စင်ကာပူသို့သယ်လာချိန် ကားမောင်းခဲ့သူက ၎င်းမဟုတ် ၊ ထိုကားကိုမောင်းသည့် အခြားယာဉ်မောင်းများလည်းရှိကြောင်း ငြင်းဆိုခဲ့သည်။

စင်ကာပူတွင် လူသတ်မှုနှင့်ပြန်ပေးဆွဲမှုကဲ့သို့ ပြစ်မှုများအတွက်လည်း သေဒဏ်ချမှတ်သည်။ သို့သော်မူးယစ်ဆေးနှင့် ပတ်သက်သည့် ရာဇဝတ်မှုများအတွက် သေဒဏ်ပေးခံရခြင်းက ဝေဖန်မှုအများဆုံးဖြစ်သည်။

ဝေဖန်သူများ အဓိကထောက်ပြသည့်အချက်က အောက်ခြေပိုင်း မူးယစ်မှောင်ခိုလုပ်သူများကိုသာ ဖမ်းဆီးအပြစ်ပေးပြီး နောက်ကွယ်မှဦးဆောင်နေသူများကို အရေးယူခြင်းမရှိဆိုသည့် အချက်ဖြစ်သည်။

စင်ကာပူဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့က "မူးယစ်ဆေးဝါးပြစ်မှုတွေအတွက် သေဒဏ်ချမှတ်တာဟာ နိုင်ငံတကာဥပဒေနဲ့ မကိုက်ညီပါဘူး။ ဘာလို့လဲဆိုတော့ မူးယစ်ဆေးမှုဟာ အပြင်းထန်ဆုံး ရာဇဝတ်မှုတွေလောက် မဆိုးဘူး"ဟု ကြေညာချက်ထုတ်ခဲ့သည်။

သို့သော် စင်ကာပူအစိုးရက သေဒဏ်ပေးမှုစနစ်ကြောင့်သာ  စင်ကာပူသည် ကမ္ဘာပေါ်တွင် အလုံခြုံဆုံးနေရာများထဲမှ တစ်ခု ဖြစ်လာခဲ့သည်ဟု တုံ့ပြန်ထားသည်။

Ref: BBC

Most Read

Most Recent