မိုးကုတ်-မိုးမိတ် ပြန်ပေးလိုက်ရသည့်အပေါ် တကယ်ပေးဆပ်နစ်နာသူများကို အနူးအညွတ်တောင်းပန်ကြောင်းနှင့် မိုးကုတ်မြို့ကို တအာင်းဒေသထဲသို့ ပြန်ပါဝင်လာနိုင်ရေး ရည်မှန်းထားကြောင်း TNLA အဖွဲ့ အထွေထွေအတွင်းရေးမှူး တားဘုန်းကျော်က ၎င်း အသုံးပြုသည့် Mai Tea Land Facebook အကောင့်တွင် ဒီဇင်ဘာ ၁ ရက်၌ ရေးသားဖော်ပြခဲ့သည်။
မိုးကုတ်မြို့နှင့် မိုးမိတ်မြိုတို့အား တပ်မတော်ထံ ပြန်ပေးလိုက်ရသည့်အပေါ် နိုင်ငံရေးဖျာခင်းသူများနှင့် မည်သည့်အရာမျှ မသိဘဲ ဆဲချင်သူများကို ရှင်းချင်ပါသည်ဟု အဆိုပါပို့စ်တွင် အစချီထားပြီး ပထမဆုံး တကယ်ပေးဆပ်နစ်နာသူများကို တောင်းပန်ချင်ကြောင်း၊ ရင်ထဲ လှိုက်လှိုက်လဲလဲ နာကျင်ရသည်မို့ အနူးအညွတ်တောင်းပန်ကြောင်း TNLA အဖွဲ့ အထွေထွေအတွင်းရေးမှူး တားဘုန်းကျော်က ရေးသားထားသည်။
တအာင်းနိုင်ငံရေးနှင့် ပန်းတိုင်တစ်ခုသည် မိုးကုတ်မြို့ကို တအာင်းဒေသ (မူရင်းတွင် တအာင်းပြည်နယ်ထဲဟု ဖော်ပြ) ထဲ ပြန်ပါအောင် ကြိုးပမ်းရေးဖြစ်ကြောင်း၊ ရှေးယခင် နှစ်ပေါင်းထောင်ချီကတည်းက တအာင်းလူမျိုးတို့ တည်လာသည့် မိုးကုတ်မြို့အား တအာင်းလူမျိုးလက်ထဲ ပြန်ရောက်ရမည်ဟု ရည်မှန်းထားကြောင်း တားဘုန်းကျော်က ရေးသားထားသည်။
“အခုတော့ လက်ထဲရောက်လာတဲ့ကိတ်မုန့်ကို မစားရဘဲ ပုတ်ချခံလိုက်ရသလိုမျိုး အသည်းကွဲရပါတယ်။ ကံမကုန်သေးရင်တော့ ကြိုးစားသူအတွက် ရလဒ်ရှိစမြဲလို့ ယုံကြည်ပါတယ်”ဟု TNLA အဖွဲ့ အထွေထွေအတွင်းရေးမှူး တားဘုန်းကျော်က ရေးသားပြောကြားသည်။
ထို့ပြင် သစ္စာဖောက်ဟု ပက်ပက်စက်စက် ပြောသူများအနေဖြင့် သေချာပြန်သုံးသပ်ပြီး အရှိတရားများကို လက်ကိုင်ထားစေချင်ကြောင်း၊ နွေဦးတော်လှန်ရေးတွင် TNLA အနေဖြင့် ဆယ်နှစ်ကျော် တည်ဆောက်ထားသော အရင်းအမြစ်များဖြင့် အကောင်းဆုံး ပံ့ပိုးခဲ့ကြောင်း၊ လက်သုံးချောင်းထောင်သူများကို လစဉ် ဆန်အိတ် ထောင်ကြီးပိုင်း ကျွေးမွေးမြှင့်တင် လေ့ကျင့်ထားကြောင်း TNLA အဖွဲ့ အထွေထွေအတွင်းရေးမှူး တားဘုန်းကျော်က ဆိုသည်။
“၃-၄ နှစ်အတွင်း ရဲဘော်အင်အား ထောင်ချီ ပေးဆပ်အရင်းပြုခဲ့တယ်။ လက်နက်အကြွေး ဒေါ်လာဘီလီယံချီ အကြွေးတင်ခဲ့တယ်”ဟု တားဘုန်းကျော်က ရေးသားထားသည်။
ဗမာများ D-day ခေါ်ချိန် လိုက်မပါနိုင်သော်လည်း မီရာအရှိန်နှင့် လိုက်ရန် ကြိုးစားခဲ့ကြောင်း၊ အမှန်တကယ် ၁၀၂၇ စစ်ဆင်ရေးတွင် မည်သည့် D-day ကမျှ လက်တွေ့ပါမလာဘဲ နောက်ဆုံးတွင် ကိုယ်သာ အထီးကျန်ကာ လေယာဉ်ဗုံးဒဏ်သင့်ရကြောင်း တားဘုန်းကျော်က ရေးသားထားသည်။
“ရင်ဘတ်တွေ တဖြန်းဖြန်းကွဲ အသည်းနှလုံးတွေ နာကျင်ရပါတယ်။ ကျည်မရှိ ဘတ်ဂျက်မရှိ သေစရာ လူသူလည်း နည်းလာတော့ မိုးကုတ်-မိုးမိတ်နဲ့ ညှိပြီး အပစ်ရပ်ရတယ်။ ပွဲက မပြီးသေးပါဘူး။ ဒါပေမဲ့ အဆဲတွေက စုံလွန်းလှပါတယ်”ဟု TNLA အဖွဲ့ အထွေထွေအတွင်းရေးမှူး တားဘုန်းကျော်က ရေးသားထားသည်။
ထို့ပြင် TNLA က ထောက်ပံ့ကျွေးမွေးခဲ့သည့်အဖွဲ့များက မိုးကုတ်မြို့အား ပြန်သိမ်းသည်ကို မြင်ချင်စမ်းသည်ဟုလည်း TNLA အဖွဲ့ အထွေထွေအတွင်းရေးမှူး တားဘုန်းကျော်က ရေးသားထားသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် TNLA ၏ ဦးဆောင်မှုနှင့်အတူ PDF အဖွဲ့များ ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်မြို့နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ မိုးမိတ်မြို့တို့အား ဝင်ရောက်တိုက်ခိုက်ထိန်းချုပ်ခဲ့သည်။
သို့သော်လည်း အောက်တိုဘာလကုန်ပိုင်းတွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပခဲ့သော တပ်မတော်နှင့် TNLA တို့၏ ကိုးကြိမ်မြောက်ဆွေးနွေးပွဲ ဆုံးဖြတ်ချက်အရ မိုးကုတ်မြို့နှင့် မိုးမိတ်မြို့တို့မှ TNLA ထွက်ခွာပေးရန် သဘောတူညီမှု ရရှိခဲ့သည်။
အဆိုပါ သဘောတူညီချက်အရ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား တပ်မတော်က ဗုံးကြဲခြင်းမပြုရန် သဘောတူညီမှုရရှိခဲ့ပြီး ယခုအခါတွင် မိုးကုတ်မြို့သို့ တပ်မတော်စစ်ကြောင်းများ ပြန်လည်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။
TNLA သည် ၁၀၂၇ တိုက်ပွဲဖော်ဆောင်မှုကာလက ကျောက်မဲနှင့် သီပေါကြား ကားလမ်းပေါ်ရှိ ကျင်သီတံတားကိုလည်းကောင်း၊ တပ်မတော်က ကျောက်မဲမြို့အား ပြန်လည်ရရှိရေး တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်လာချိန်တွင် နောင်ချိုနှင့် ကျောက်မဲကြား ကားလမ်းပေါ်ရှိ ဂုတ်တွင်းတံတားနှင့် နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာကျော် မီးရထားသံလမ်း ဂုတ်ထိပ်တံတား (ကျောက်မဲဘက်ခြမ်း) တွင် တံတား၏ အလျား ပေ ၃၀ ကျော်ကိုလည်းကောင်း မိုင်းခွဲဖျက်စီးမှုများ ပြုလုပ်ခဲ့သည်။















