ပေါ်ဆန်းဆန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် နိုဝင်ဘာ ၂၆ ရက်မှစ၍ အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးမည်

ပေါ်ဆန်းဆန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် နိုဝင်ဘာ ၂၆ ရက်မှစ၍ အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးမည်
Published 23 November 2025

ပေါ်ဆန်းဆန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် နိုဝင်ဘာ ၂၆ ရက်မှစ၍ အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပေါ်ဆန်းဆန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရေးအတွက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်မှစတင်ပြီး စားသုံးသူ အိမ်ထောင်စု များထံသို့ အိတ်အကြီး (၁၀၈ ပေါင် - ၂၄ ပြည်) အား အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် လည်းကောင်း၊ အိတ်အသေး (10 Kg, 5 Kg) များအား ရပ်ကွက်များ၊ ဈေးများသို့ လှည့်လည်ရောင်းချမှုကို လည်းကောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်း၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပေါ်ဆန်းဆန် (ရွှေဘိုပေါ်ဆန်း/ ဧရာဝတီပေါ်ဆန်း) သိုလှောင်ဖြန့်ဖြူး ရောင်းချနေသူများ/ လက်လီဆိုင်များ အနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ ဝါးတန်းကုန်စည်ဒိုင်တို့နှင့် ဆက်သွယ်ပြီး အစီအစဉ်တွင် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း၊ မိမိတို့ လက်ဝယ် သိုလှောင်ထားသော ပေါ်ဆန်းဆန်များအား ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်စွာဖြင့် ဈေးကွက်အတွင်းသို့ စဉ်ဆက်မပြတ် ထုတ်ရောင်းပေးရန်နှင့် သိုလှောင်ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ (လုံးဝ) မပြုလုပ်ရန် အသိပေးအပ်ကြောင်း ပါရှိသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၂၄-၁၀-၂၀၂၄) ရက်စွဲပါ အမိန့်အမှတ် (၈၂/ ၂၀၂၄) အရ စီးပွားရေးအလို့ငှာ ဆန်စပါးသိုလှောင်မှုကို မြန်မာ ဆန်စပါးအွန်လိုင်း (MyRO) www.myro.com.mm တွင် မှတ်ပုံတင်ရမည်ဖြစ်၍ သိုလှောင်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းများအနေဖြင့် MyRO စနစ်တွင် မှတ်ပုံတင်ရန်၊ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများကို လစဉ် လဆန်း (၁) ရက်နေ့မှ (၇) ရက်နေ့အတွင်း MyRO တွင် စာရင်းထည့်သွင်းရန်တို့အား မပျက်မကွက် လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ထပ်မံ၍ အသိပေးပါသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်သည်။

Most Read

Most Recent