ပြည်သူ့ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေးလူထုတွေ့ဆုံပွဲကို မန္တလေးမြို့တွင် နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀၊ ၅၅လမ်းနှင့်၅၆လမ်းကြားရှိ ဖူဆယ်ဘောလုံးကွင်းတွင် လူထုတွေ့ဆုံပွဲကို ပြုလုပ်ခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများနှင့်မိတ်ဆက်ခြင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲပေးကြရန်တိုက်တွန်းခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။
ပြည်သူ့ပါတီဥက္ကဌ ဦးကိုကြီးမှလည်း လူထုတွေ့ဆုံပွဲကိုတက်ရောက်ခဲ့ပြီး “အာဏာသုံးရပ်ဆိုတာလည်း ပြည်သူတွေနားလည်အောင်ပြောရရင် လူတစ်ယောက်ထဲက ဒါလုပ်၊ ဒါမလုပ်နဲ့လို့ ပြော၊ ပြီးရင် သူပဲချိုးဖောက်တယ်။ဒါကိုအရေးယူရမယ်ဆိုပြီး သူကပဲ အရေးယူတယ်။သူကပဲ ဒါ တရားတယ်၊ မတရားဘူးလို့ ဆုံးဖြတ်တယ်။အဲဒါကို ကျွန်တော်တို့က အာဏာသုံးရပ်လို့ပြောတာပါ။ဒါကို နိုင်ငံရေးစကားလုံးတွေနဲ့ပြောတဲ့အခါ ဥပဒေကိုပြဌာန်းတာက ဥပဒေပြုအာဏာ၊ အဲဒီဥပဒေပြုအာဏာတိုင်း ကျင့်သုံးတဲ့အခါမှာ တရားစီရင်ရေးအာဏာ၊ ဒါကိုချိုးဖောက်တယ်။ ဒါကြောင့် မင်းကိုထောင်ဒဏ်သုံးနှစ်ချတယ်။ပြီးတဲ့ခါကျ မင်းဒီလိုနေရမယ်၊ ဒီလိုမနေရဘူးဆိုတာက အုပ်ချုပ်ရေးအာဏာ။ အာဏာသုံးရပ်စလုံးကို လူတစ်ယောက်ထဲက ကိုင်တွယ်ကျင့်သုံးနေတဲ့အခြေနေကနေ ရွေးကောက်ပွဲပြီးသွားရင် ကျွန်တော်တို့မျက်စိထဲမှာမြင်တာက ဝန်ကြီး၊ သမ္မတဒါတွေမြင်တယ်။တကယ့်တကယ် နိုင်ငံမှာအရေးကြီးဆုံးက ဥပဒေပြုအာဏာ။အဲဒီဥပဒေပြုလွှတ်တော်ကနေ သတ်မှတ်တဲ့အတိုင်းပဲ အုပ်ချုပ်ရတယ်။အဲဒီဟာကို ကျော်ပြီးမလုပ်ရဘူး။ ဒါ့ကြောင့် ရွေးကောက်ပွဲက ဘယ်လောက်အရေးကြီးလဲလို့ပြောရင် အဲလို အာဏာသုံးရပ်ကို တစ်ယောက်ထဲက အမိန့်ထုတ်၊ တစ်ယောက်ထဲဖမ်း၊ တစ်ယောက်ထဲအုပ်ချုပ်ဆိုတဲ့အခြေနေကနေ ခင်ဗျားဒီဥပဒေတိုင်းပဲလုပ်ရမယ်။ဒါမကျော်ရဘူးလို့ သူ့ကို ထိန်းချုပ်တဲ့ ကန့်သတ်တဲ့အဆင့်တစ်ခုပေါ်လာမယ်။ဒါ သိပ်အရေးကြီးတယ်။ဒါကြောင့် ရွေးကောက်ပွဲဖြတ်သန်းတယ်ဆိုတာ အာဏာခွဲဝေကျင့်သုံးတဲ့ပုံစံ တစ်ယောက်ထဲ၊ တစ်စုထဲလုပ်ချင်တာလုပ်လို့မရတဲ့အခြေနေတစ်ခုကို ကူးပြောင်းဖို့ ကျွန်တော်တို့ကြိုးစားနေတာဖြစ်ပါတယ်” ဟု ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းပြမဲဆွယ်စည်းရုံးခဲ့စဉ် ပြောကြားခဲ့သည်။
ချမ်းအေးသာစံမြို့နယ်မှကိုယ်စားပြုပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်နော်ဝင်းပပဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးမောင်မောင်လတ်၊ တိုင်းဒေသကြီးကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်ဇင်ဇင်ဝင်း၊ ရှမ်းတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်းအဖြစ် နန်းခင်သော်တာစိုးတို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။















