■အွန်လိုင်းအသုံးပြုလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကျူးလွန်နေသူများ အခြေပြုဆောင်ရွက်လျက်ရှိသည့် အခြေခံအဆောက်အဦများကိုပါ ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ အမြစ်ပြတ်ချေမှုန်း ရှင်းလင်းသွားမည်ဟုဆို
နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုမရှိဘဲ ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် တရားမဝင် ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်လျက်ရှိကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့(နိုဝင်ဘာ ၁၆ ရက်) နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ မွန်ပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေး ပြောကြားရာတွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
နယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းမှုအားနည်းလာသဖြင့် အချို့သော နယ်စပ်ဂိတ်များကို ပိတ်ထားရကြောင်း၊ အချို့သော ဝန်ထမ်းများ၊ နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံတော် အပေါ်သစ္စာစောင့်သိမှုမရှိဘဲ ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် တရားမဝင် ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်လျက်ရှိကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ထိုကဲ့သို့ တရားမဝင်ကုန်သွယ်မှုများဆောင်ရွက်ခြင်းဖြင့် နယ်စပ်ဒေသများရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို သက်ဆိုးရှည်စေနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း ရသင့်ရထိုက်သည့် အခွန်အခများ ရရှိမှုမရှိသည့်အတွက် ထိခိုက်နစ်နာရလျက်ရှိကြောင်း၊ အလားတူ နယ်စပ်ဒေသများ၌ အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်း ကစားမှု (Online Gambling) ကျူးလွန်နေသူများမရှိစေရေး အလေးထားဆောင်ရွက်လျက်ရှိပြီး ၎င်းတို့အခြေပြုဆောင်ရွက်လျက်ရှိသည့် အခြေခံ အဆောက်အဦများကိုပါ ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍အမြစ်ပြတ်ချေမှုန်း ရှင်းလင်းသွားမည်ဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
ထို့ပြင် မော်လမြိုင်လေဆိပ်တိုးချဲ့နိုင်ရေးနှင့် ပြည်တွင်းလေကြောင်းလိုင်းများအနေဖြင့် မော်လမြိုင်လေဆိပ်သို့ ဆင်းသက်ပြေးဆွဲလျက်ရှိပြီး ထပ်မံတိုးချဲ့ပြေးဆွဲနိုင်ရေး အတွက်လည်း မိမိတို့အနေဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ မီးရထားပို့ဆောင်မှု ကဏ္ဍမြှင့်တင်နိုင်ရေးအတွက်လည်း ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် အချို့သော အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ကုန်စည်စီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေလျက်ရှိကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံအဆောက်အဦများ ဖြည့်ဆည်းတည်ဆောက်ပေးလျက်ရှိသော်လည်း အဖျက်သမား အချို့ကြောင့် တည်ဆောက်ပြီး လမ်း၊ တံတား၊ အဆောက်အဦများ ပျက်စီးခဲ့ရမှုများ ရှိကြောင်း၊ ၎င်းတို့ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးခဲ့ရသည်များကို ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်နေရ သဖြင့် လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် နှောင့်နှေးနေရကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မွန်ပြည်နယ်အတွင်း ငြုပ်ကောင်း စိုက်ပျိုးမှုကို အောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသနှင့် နိုင်ငံ၏စီးပွား ရေးပိုမိုတိုးတက် လာနိုင်မည်ဖြစ်ကြောင်း၊ ကော်ဖီနှင့် ပတ်သက်၍လည်း မိမိတို့နိုင်ငံတွင် ကုန်းမြင့်ကော်ဖီများ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသကဲ့သို့ မြေနိမ့်ကော်ဖီဖြစ်သည့် (ရိုဘက်စတာမျိုး)များ စိုက်ပျိုးဖြစ်ထွန်းသည်ကို တွေ့ရကြောင်း၊ မွန်ပြည်နယ်တွင် စိုက်ပျိုးထားရှိပြီးဖြစ်သည့် ရာဘာ၊ မင်းဂွတ်၊ ဒူးရင်း စသည့် နှစ်ရှည်ပင်များအတွင်း မြေနိမ့်ကော်ဖီကို သီးညှပ်စိုက်ပျိုးသွားမည်ဆိုပါက ဝင်ငွေများစွာ တိုးတက်ဖြစ်ထွန်းလာစေနိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် သုံးရေ ရရှိစေရေးအတွက်လည်း မြစ်ရေတင်စီမံကိန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းလုံးတွင် ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်စေရေး ဖြစ်သင့်ဖြစ်ထိုက်သည့် နည်းလမ်းများနှင့် အကြံပြုချက်များ၊ လမ်းညွှန်ချက်များပေးခဲ့ပြီး ဖြည့်ဆည်းပေးရန်လိုအပ်သည်များကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်း၏အသီးအပွင့်များကို အမှန် တကယ်အကျိုးခံစားရမည်မှာ ၎င်းဒေသတွင် နေထိုင်သည့် ဒေသခံများပင်ဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မွန်ပြည်နယ်ရှိ ပြည် နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများ၊ MSME လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။















