တရုတ်နည်းပညာကုမ္ပဏီ အလီဘာဘာက အမေရိကန်ကို တရုတ်စစ်တပ်က ပစ်မှတ်ထားရာတွင် ၎င်းတို့ အကူအညီပေးနေသည်ဆိုသည့် လတ်တလောထွက်ပေါ်နေသည့်သတင်းက လုံးဝမဟုတ်မှန်ကြောင်း AFP သတင်းဌာနကို နိုဝင်ဘာ ၁၅ ရက်တွင် ပြောဆိုလိုက်သည်။
အိမ်ဖြူတော်က ပေးလာသည့် အတွင်းစာအရ အမေရိကန်ကို ပစ်မှတ်ထားသည့် တရုတ်စစ်တပ်၏ ဆောင်ရွက်ချက်များကို အလီဘာဘာက နည်းပညာပံ့ပိုးမှုများ ပေးနေကြောင်း Financial Times သတင်းစာက နိုဝင်ဘာ ၁၅ ရက်တွင်ဖော်ပြခဲ့သည်။
အဆိုပါအတွင်းစာတွင် ဟန်ကျိုးအခြေစိုက် အလီဘာဘာကုမ္ပဏီက IP လိပ်စာများ၊ ဝိုင်ဖိုင်အချက်အလက်နှင့် ငွေပေးချေမှုမှတ်တမ်းများ အပါအဝင် သုံးစွဲသူများ၏ ဒေတာအချက်အလက်များကို တရုတ်အာဏာပိုင်များနှင့် တရုတ်စစ်တပ်ထံ လွှဲပေးနေသည်ဟု စွပ်စွဲထားသည်။
Financial Times သတင်းနှင့်ပတ်သက်ပြီး အလီဘာဘာ၏ ပြောရေးဆိုခွင့်ရှိသူက သတင်းပါ ပြောဆိုချက်များသည် လုံးဝမှားယွင်းနေကြောင်း ၊ အတွင်းစာဆိုသည်မှာ သမ္မတထရန့်နှင့် တရုတ်တို့၏ လတ်တလော ကုန်သွယ်ရေးသဘောတူညီချက်ကို ထိခိုက်စေရန်ရည်ရွယ်ချက်ဖြင့် ယုတ်မာသူတစ်ဦးက ဖြန့်လိုက်သည့် သတင်းဖြစ်ကြောင်း AFP ကို မှတ်ချက်ပေးခဲ့သည်။
ဇန်နဝါရီတွင် ဒုတိယအကြိမ် သမ္မတနေရာ ပြန်ရောက်လာပြီးနောက် ဒေါ်နယ်ထရန့်သည် တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲကို ပြန်စခဲ့သည်။
အပြန်အလှန် အခွန်တိုးကောက်မှုများ လချီလုပ်ဆောင်ပြီးနောက် အောက်တိုဘာနှောင်းပိုင်းတွင် သမ္မတနှစ်ဦးက ကုန်သွယ်ရေးစစ်ကို တစ်နှစ်ရပ်ရန် သဘောတူခဲ့ကြသည်။
ယခုသတင်းကို အမေရိကန်ပြည်ထောင်စုရှိ တရုတ်သံရုံးကလည်း ငြင်းဆိုထားသည်။ တရုတ်အစိုးရသည် ဥပဒေကို ချိုးဖောက်ပြီး ပြည်ပနိုင်ငံများရှိ အချက်အလက်များကို စုဆောင်းရန် ကုမ္ပဏီများနှင့်လူပုဂ္ဂိုလ်များကို မည်သည့်အခါမျှ ခိုင်းစေမည်မဟုတ်ဟု တရုတ်သံရုံးပြောရေးဆိုခွင့်ရှိသူက X လူမှုကွန်ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယခုသတင်းကြောင့် တရုတ်က အဆင့်မြင့်နည်းပညာများဖြင့် သူလျှိုလုပ်ထောက်လှမ်းမှုများ လုပ်နေမလားဆိုသည့် စိုးရိမ်သံသယများ အမေရိကန်တွင် တိုးလာစေသည်။
Ref: AFP
Photos: Reuters









