■ခရီးစဉ်အတွင်း နှစ်နိုင်ငံချစ်ကြည်ရေး အားကစား ပြိုင်ပွဲများပြုလုပ်ခြင်းနှင့် ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်း (Harbour Phase) များ ဆောင်ရွက်သွားမည်ဟုဆို
တတိယအကြိမ် မြန်မာ-ရုရှားနှစ်နိုင်ငံ ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဆောင်ရွက်ရန် ရုရှားရေတပ် Pacific Fleet မှ စစ်ရေယာဉ်သုံးစင်း ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။
ယနေ့(နိုဝင်ဘာ ၁၀ ရက်) ညနေပိုင်းတွင် ရုရှားရေတပ် Pacific Fleet မှ ဖရီးဂိတ်စစ်ရေယာဉ် Marshal Shaposhnikov ၊ ကော်ဗက်စစ်ရေယာဉ် Gremyashchiy နှင့်ထောက်ပံ့ရေးရေယာဉ် Boris Butoma တို့သည် မြန်မာနိုင်ငံသို့ တတိယအကြိမ် မြန်မာ-ရုရှားနှစ်နိုင်ငံရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ရောက်ရှိလာသည့် ရုရှားရေတပ် Pacific Fleet မှ စစ်ရေယာဉ်သုံးစင်းအား တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ရုရှားရေတပ်မှ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Aleksei Anatolievich kilashko ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။
အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ရုရှားရေတပ် Pacific Fleet မှ Captain 1st Rank Ulyanenko Aleksey ဦးစီး၍ အရာရှိ၊စစ်သည်များလိုက်ပါလာပြီး ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစား ပြိုင်ပွဲများပြုလုပ်ခြင်းနှင့် ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်း (Harbour Phase) များပြုလုပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။















