အာဖဂန်နစ္စတန်နိုင်ငံနှင့် ရေရည်တည်တံ့သည့် အပစ်အခတ်ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုများသည် အောင်မြင်ခြင်းမရှိကြောင်း ပါကစ္စတန်က အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားခဲ့ပြီး ၎င်းတို့၏ ပြည်သူမျာကို ကာကွယ်ရန် အစီအစဉ်များ လုပ်ဆောင်သွားမည်ဟု သတိပေးခဲ့သည်။
တောင်အာရှ အိမ်နီးချင်းများဖြစ်သည့် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နယ်စပ်ဒေသတွင် နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရန် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၉ ရက်က အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီးနောက် ထိုပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး အာဖဂန်တာလီဘန်အာဏာပိုင်များက ပါကစ္စတန်ကို အပြစ်တင်ခဲ့ကာ နှစ်နိုင်ငံကြား တိုက်ခိုက်မှုများဖြစ်ပွားခဲ့သဖြင့် လူ ၇၀ ကျော်သေဆုံးပြီး လူပေါင်းရာချီ ဒဏ်ရာရခဲ့သည်။
"စိတ်မကောင်စရာကတော့ အာဖဂန်ဘက်က အာမခံချက်တွေ မပေးခဲ့ပါဘူး။ အဓိကပြဿနာကနေ သွေဖည်ပြီး အပြန်အလှန်အပြစ်တင်မှုနဲ့ လှည့်ကွက်တွေကိုသာ ရွေးချယ်ခဲ့ပါတယ်" ဟု ပါကစ္စတန် ပြန်ကြားရေးဝန်ကြီး အတ္တူလာ တာရာက ကာတာနှင့် တူရကီတို့၏ ကြားဝင်စေ့စပ်မှုဖြင့် လေးရက်ကြာ ဆွေးနွေးညှိနှိုင်းမှုများအပြီးတွင် X လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။
ထို့ကြောင့် ဆွေးနွေးညှိနှိုင်းမှုများသည် လက်တွေ့ကျသည့် ဖြေရှင်းနည်းကို ထွက်ပေါ်စေခဲ့ခြင်းမရှိကြောင်း ၎င်းက ဆိုသည်။
ပါကစ္စတန်သည် ငြိမ်းချမ်းရေးစိတ်ဓာတ်ဖြင့် အာဖဂန်နစ္စတန်နှင့် ထိတွေ့ဆက်ဆံခဲ့ကြောင်း သို့သော် အာဖဂန်သည် ပါကစ္စတန်ဆန့်ကျင်သည့် အကြမ်းဖက်သမားများကို ခိုင်မာစွာ ထောက်ပံ့ပေးနေကြောင်း တာရာက ပြောကြားခဲ့သည်။
"ကျွန်တော်တို့ဟာ အကြမ်းဖက်မှုအန္တရာယ်ကနေ ကျွန်တော်တို့ ပြည်သူတွေကို ကာကွယ်ဖို့ ဖြစ်နိုင်သမျှ အစီအစဉ်အားလုံးကို ဆက်လက်လုပ်ဆောင်သွားမှာပါ" ဟု တာရာက ပြောကြားခဲ့ပြီး အကြမ်းဖက်သမားများ၊ ၎င်းတို့ ခိုလှုံသည့်နေရာများနှင့် ၎င်းတို့အား ထောက်ခံသူများကို ချေမှုန်းသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အာဖဂန်နစ္စတန်က ချက်ချင်းမှတ်ချက်ပေးခဲ့ခြင်းမရှိပေ။
Ref:AFP














