■ ရွေးကောက်ပွဲတွင် မဲပေးရန်တိုက်တွန်းထားသည့် ဇာတ်လမ်းတို၌ ပါဝင်ခဲ့သည့် သရုပ်ဆောင်များကို အရေးယူမည်ဟု PDF ငါးဖွဲ့က ခြိမ်းခြောက်စာထုတ်

■ ရွေးကောက်ပွဲတွင် မဲပေးရန်တိုက်တွန်းထားသည့် ဇာတ်လမ်းတို၌ ပါဝင်ခဲ့သည့် သရုပ်ဆောင်များကို အရေးယူမည်ဟု PDF ငါးဖွဲ့က ခြိမ်းခြောက်စာထုတ်
Published 29 October 2025

ရွေးကောက်ပွဲတွင် မဲပေးရန်တိုက်တွန်းထားသည့် ဇာတ်လမ်းတို၌ ပါဝင်ခဲ့သည့် သရုပ်ဆောင်များကို အရေးယူမည်ဟု PDF ငါးဖွဲ့က အောက်တိုဘာ ၂၈ ရက်တွင် ခြိမ်းခြောက်စာ ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။

ထိုသို့ ရုပ်ရှင်သရုပ်ဆောင်များကို ခြိမ်းခြောက်စာထုတ်ပြန်သည့် PDF ငါးဖွဲ့မှာYangon Army ( YA )၊ Dark Shadow၊ Operation Flame (OF)၊ Mother Son Yangon Force နှင့် Broken System အမည်ရှိအဖွဲ့များ ဖြစ်သည်။

"ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ" ရွေးကောက်ပွဲ ပညာပေးဇာတ်လမ်းတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းကာလကို ဇာတ်အိမ်တည်ထားပြီး ရုပ်ရှင်သရုပ်ဆောင် နေတိုးက ဆရာဝန်တစ်ဦးအဖြစ်လည်းကောင်း၊ ခြူလေးနှင့် မေမြင့်မိုရ်တို့က ဆရာမများအဖြစ်လည်းကောင်း၊ မြင့်မြတ်၊ နေဝင်း၊ အေးချမ်းမောင်တို့က Delivery လုပ်ကိုင်သူများအဖြစ်လည်းကောင်း၊ အောင်ခိုင်၊ ငှက်ပျောကြော်တို့က ရပ်မိရပ်ဖများအဖြစ်လည်းကောင်း ပါဝင်သရုပ်ဆောင်ထားပြီး အောင်တိုး၊ နိုင်လင်း၊ သွက်လတ်၊ စူပါလင်း၊ မင်းညို၊ ဥက္ကာပျံရီ၊ ရဲရင့်၊ ရောပျော်၊ အောင်ဇင်ဖြိုး စသည့်ဖြင့် အခြားသောသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားသည်။

ယင်းဇာတ်လမ်းတွင် မည်သည့်အခြေအနေတွင်ဖြစ်စေ ဆရာ၊ ဆရာမများသည် စာပေသင်ကြားခြင်းနှင့် ဆရာဝန်များသည် လူနာများကို ဆေးကုသပေးရသည့်အခြေအနေများ၊ ပြည်တွင်းနေထိုင်သူများ မီတာခဆောင်ခြင်းနှင့် ပွဲလမ်းသဘင်သွားခြင်းများကို ဆန့်ကျင်ဘက်အုပ်စုများက ပြစ်တင်နေမှုအခြေအနေများ၊ လူမှုကွန်ရက်တွင် ရေးသားမှုများနှင့် မြေပြင်တွင် ဖြစ်ပေါ်နေသည့် ကွဲလွဲမှုအခြေအနေများ၊ မိမိနှင့် ပုဂ္ဂိုလ်ရေးမပြေလည်သူများကို ဒလန်အဖြစ် တံဆိပ်ကပ်သည့်အခြေအနေများ၊ ရွေးကောက်ပွဲကာလတွင် Social Media တွင် ရွေးကောက်ပွဲကို ဆန့်ကျင်သည့် အရေးအသားများ၊ ကွန်းမန့်များနှင့် မတည်မငြိမ်ဖြစ်စေမည့် ရေးသားမှုများပြုလုပ်ပါက အရေးယူခံရမည့်အခြေအနေများ၊ ရွေးကောက်ပွဲ ကျင်းပပေးမည်ကို ဆန့်ကျင်ကာ ဗုံးခွဲမည့်အခြေအနေများ၊ ရွေးကောက်ပွဲတွင် မဲပေးရမည့်အခြေအနေများကို ဇာတ်လမ်း ဇာတ်ကွက်များဖြင့် ထည့်သွင်းရိုက်ကူးထားသည်။

အဆိုပါဇာတ်လမ်းတွင် ပါဝင်သည့် သရုပ်ဆောင်များကို Boycott၊ Social punishment ပြုလုပ်ရန်နှင့် ၎င်းသရုပ်ဆောင်များ၏ နောက်ဖြစ်လာမည့် ကိစ္စအရပ်ရပ်အား ပြည်သူလုထု တရားစီရင်ခန်းအဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် စတင်အရေးယူမည်ဟု PDF ငါးဖွဲ့က ခြိမ်းခြောက်ထားသည်။

ယခင်ကလည်း ရန်ကုန်မြို့တွင်နေထိုင်သည့် အနုပညာရှင်များဖြစ်သည့် သရုပ်ဆောင် ရန်အောင်၊ ယဉ်လတ်တို့၏ နေအိမ်ရှေ့တွင် ဗုံးပေါက်ကွဲမှုများရှိခဲ့ပြီး ယုန်လေး၏ မော်တော်ယာဉ် ဗုံးဖြင့်ဖောက်ခွဲခံရသည်။

ထို့ပြင် အဆိုတော်လီလီနိုင်ကျော်အား ဒလန်စွပ်စွဲချက်ဖြင့် PDF များက သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းတွင် အစိုးရကပြုလုပ်သည့် ပွဲအခမ်းအနားများသို့ ပါဝင်တက်ရောက်သည့် အနုပညာ၊ ဇာတ်သဘင်၊ စာပေ စသည့် ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များကို မကြာခဏခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိသည်။

 

Most Read

Most Recent