Lee Jung jae အဖြစ် အယောင်ဆောင်ချစ်သူက အမျိုးသမီးတစ်ဦးထံမှ ကိုရီးယားဝမ်သန်း ၅ဝဝ လိမ်ယူသွား

Lee Jung jae အဖြစ် အယောင်ဆောင်ချစ်သူက အမျိုးသမီးတစ်ဦးထံမှ ကိုရီးယားဝမ်သန်း ၅ဝဝ လိမ်ယူသွား
Published 28 October 2025

Squid Game မင်းသား Lee Jung jae အဖြစ် အယောင်ဆောင်ထားသည့် အွန်လိုင်းချစ်သူက အမျိုးသမီးတစ်ဦးကို ကိုရီးယားဝမ်သန်း ၅ဝဝ လိမ်ယူမှု ဖြစ်ပွားခဲ့ကြောင်း JTBC ရုပ်သံက ဖော်ပြသွားသည်။

သတင်းအရ ငွေလိမ်ခံရသူအမျိုးသမီးက အသက် ၅ဝ ကျော်ဖြစ်ပြီး လူလိမ်အမျိုးသားနှင့် ဆိုရှယ်မီဒီယာတွင် သိကျွမ်းခဲ့သည်။ ယင်းအမျိုးသားက ၎င်းကိုယ်၎င်း Lee Jung-jae ဟု မိတ်ဆက်ခဲ့ပြီး ပရိသတ်နှင့်ထိတွေ့ဆက်သွယ်ချင်သည်ဟုဆိုကာ တစ်ဖက်လူယုံကြည်လာစေရန် လေဆိပ်တွင်ရိုက်ကူးထားသည့် AI ဓာတ်ပုံများကို အမျိုးသမီးထံပို့ခဲ့သည်။

ထို့ပြင် အိုင်ဒီကတ်အတုကိုပါ ပြသခဲ့ပြီး လက်ရှိတွင် Squid Game 3 ရိုက်နေပြီဟု အယုံသွင်းခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ လူလိမ်က အမျိုးသမီးကို ဟန်နီ၊ ဒါလင်ဆိုသည့် အခေါ်အဝေါ်များသုံးလာပြီး ချစ်သူဆက်ဆံရေးသဖွယ် ဖန်တီးပြလာသည်။

ထို့နောက်၎င်းက နောက်ထပ်ကြံရာပါတစ်ဦးကို အမှုဆောင်အဖြစ် မိတ်ဆက်ပေးကာ ထိုကြံရာပါက Lee Jung-jae နှင့်သီးသန့်တွေ့ရန် စီစဉ်ပေးနိုင်သည်ဟုဆိုကာ ဝမ်ခြောက်သန်းတောင်းခဲ့သည်။ အကြောင်းမျိုးစုံဖြင့် ငွေဆက်တိုက်လိမ်တောင်းခဲ့ပြီး ခြောက်လအတွင်း ဝမ်သန်း ၅ဝဝ အထိ အလိမ်ခံလိုက်ရသည်။

အင်တာဗျူးတစ်ခုတွင် အမျိုးသမီးက Lee Jung-jae အစစ်ဟု ထင်ခဲ့ကြောင်း၊ ပြန်တွေးကြည့်လျှင် အတော်ရူးမိုက်ခဲ့ကြောင်း ပြောသည်။

ရဲတပ်ဖွဲ့က ထိုအမှုကိုဖော်ထုတ်နေပြီဖြစ်ပြီး ကမ္ဘောဒီးယားရာဇဝတ်ဂိုဏ်းတစ်ခုနှင့် ပတ်သက်နေနိုင်သည့်အချက်ကို ထည့်စဉ်းစားနေသည်။ စစ်ဆေးမှုစတင်ပြီးနောက်မှာပင် လူလိမ်က ‘ငါ့ကိုယုံပါ’ ဆိုသည့် မက်ဆေ့များ ဆက်ပို့နေခဲ့သည်။

Most Read

Most Recent