လီဗာပူးလ်အသင်းရဲ့ နည်းပြဟောင်း ယာဂန်ကလော့ပ်က လီဗာပူးလ်အသင်းကို ပြန်လည်ကိုင်တွယ်ဖို့ သဘောတရားအရ ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဂျာမန်နည်းပြ ယာဂန်ကလော့ပ်ဟာ လီဗာပူးလ်အသင်းကို ၂၀၁၅ ကနေ ၂၀၂၄ ခုနှစ်အထိ (၉)နှစ်ကြာ ကိုင်တွယ်ခဲ့ပြီး အသင်းအတွက် ပထမဆုံးပရီးမီးယားလိဂ်ဖလားအပါအဝင် ချန်ပီယံလိဂ်ဖလားနဲ့ ပြည်တွင်းဖလားအစုံ ရယူပေးနိုင်ခဲ့သူပါ။
လက်ရှိအချိန်မှာတော့ ယာဂန်ကလော့ပ်က Red Bull အဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာဘောလုံးအကြီးအကဲအဖြစ် ဆောင်ရွက်နေပါတယ်။
Podcast အစီအစဉ်တစ်ခုမှာ လီဗာပူးလ်အသင်းကို ပြန်လည်ကိုင်တွယ်နိုင်သလားလို့ မေးမြန်းခဲ့ရာမှာ ယာဂန်ကလော့ပ်က ''ကျွန်တော်က အင်္ဂလန်မှာ တခြားအသင်းတစ်သင်းကို ဘယ်တော့မှ ကိုင်တွယ်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒီတော့ လီဗာပူးလ်ဆိုရင်တော့ ပြန်ကိုင်တွယ်နိုင်တဲ့ အဓိပ္ပာယ်ပေါ့။ ဒါက သဘောတရားအရတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိလုပ်နေရတာကို သဘောကျပါတယ်။ ကျွန်တော် နည်းပြအလုပ်ကို မလွမ်းဆွတ်ပါဘူး။ မိုးရေထဲ နှစ်နာရီခွဲ၊ သုံးနာရီလောက် ရပ်နေရတာကိုလည်း မလွမ်းပါဘူး။ တစ်ပတ်သုံးကြိ်မ်လောက် သတင်းစာရှင်းလင်းပွဲ လုပ်ရတာ၊ တစ်ပတ်ကို (၁၀)ကြိမ်၊ (၁၂)ကြိမ်လောက် အင်တာဗျူးလုပ်ရတာကိုလည်း မလွမ်းပါဘူး။ ဒီနေ့ ဆုံးဖြတ်ရမယ်ဆိုရင်တော့ ကျွန်တော် နည်းပြပြန်မလုပ်တော့ပါဘူး။ ဒါပေမဲ့ အဲဒီလိုဆုံးဖြတ်စရာမလိုတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရုံပဲ ကျွန်တော် တတ်နိုင်ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။















