မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ် ပဲ့ကန်ကျေးရွာတွင် အောက်တိုဘာ ၁၆ ရက် ညပိုင်းက ကျေးရွာလမ်းဖွင့်ပွဲ အထိမ်းအမှတ် အောင်ပွဲကျင်းပနေစဉ် PDF များက သေနတ်ဖြင့်ပစ်ခတ်သဖြင့် ရပ်ကျေးအုပ်ချုပ်ရေးမှုးအပါအဝင် အရပ်သားရှစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ပဲ့ကန်ကျေးရွာသည် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နှင့် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ကို ဆက်သွယ်ထားသည့် ကားလမ်းတွင်တည်ရှိပြီး ပဲ့ကန်(တောင်)ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ သွားသည့်ကျေးရွာ ကိုယ်ထူကိုယ်ထလမ်းအား လမ်းခင်းပြီးစီးခြင်း အထိမ်းအမှတ်အောင်ပွဲကို အောက်တိုဘာ ၁၆ ရက် ညပိုင်းက ကျင်းပနေစဉ် PDF များက ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် ပဲ့ကန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးရဲမြင့်အပါအဝင် ရပ်မိရပ်ဖများ၊ ကျေးရွာသားများ ရှစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“သေဆုံးသူတွေက အခြားရွာက သူတွေလဲပါတယ်။ ကနဦးတုန်းက ဦးရဲမြင့်တစ်ဦးထဲကို လာပစ်တယ်လို့ သိရတယ်။ နောက်မှအဲဒီမှာရှိတဲ့ သူတွေအကုန်လုံးကို ပစ်သွားတာ။ လာပစ်တာက PDF က ငါးယောက်ပါ။ အကုန်လုံး ဒေသခံတွေ ကြီးပဲ။ လမ်းဖြစ်မြောက်အောင် ဝိုင်းလုပ်ကြတဲ့ သူတွေပါ။ အခြားဝန်ထမ်းတွေ ဘာတွေမပါဘူး” ဟု ဖြစ်စဉ်အား သိရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ သေနတ်ဖြင့်လာရောက်ပစ်ခတ်ခဲ့သည့် PDF များသည် ဆိုင်ကယ်သုံးစီးဖြင့်ရောက်ရှိလာခြင်းဖြစ်ပြီး ပစ်ခတ်မှုများပြုလုပ်ပြီးနောက် ပျော်ဘွယ်-နတ်မောက်လမ်းအတိုင်း နတ်မောက်ဘက်သို့ ပြန်လည်ထွက်ခွာ သွားကြောင်းသိရသည်။
ထိုသို့ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် အရပ်သားများကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သူများကို ပျော်ဘွယ်မြို့မရဲစခန်းတွင် အကြမ်းဖက်တိ်ုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်းလည်း စုံစမ်းသိရှိရသည်။















