မြန်မာအစိုးရက ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် လေ့လာစောင့်ကြည့်သူများ စေလွှတ်ရန် အာဆီယံကို ဖိတ်ကြားလိုက်ပြီး အာဆီယံအဖွဲ့ကြီးကလည်း ယခုလနှောင်းပိုင်းတွင် ကျင်းပမည့် အာဆီယံအစည်းအဝေး၌ မြန်မာအစိုးရ၏ မေတ္တာရပ်ခံချက်ကို ဆွေးနွေးမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများ စေလွှတ်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးထံ တိုးချဲ့ဖိတ်ကြားသွားမည်ဟု အောက်တိုဘာ ၁၀ ရက်ညပိုင်းတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
"ရွေးကောက်ပွဲစောင့်ကြည့်သူတွေကို စေလွှတ်ပေးဖို့ ဖိတ်ကြားတာကို အဖွဲ့ဝင်နိုင်ငံအားလုံးထံ တိုးချဲ့ဖိတ်ကြားသွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားပါတယ်။ မလေးရှားနိုင်ငံအတွက် ဖိတ်ကြားတာကိုတော့ မလေးရှားရွေးကောက်ပွဲကော်မရှင်ထံ လိပ်စာတပ်ပြီး ဖိတ်ကြားခဲ့တာဖြစ်ပါတယ်"ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ဒီဇင်ဘာ၂၈ ရက်မှစတင်၍ အဆင့်လိုက်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မလေးရှားနိုင်ငံက လေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်မည်ဟူ၍ မြန်မာ့အစိုးရက သတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာ ၉ ရက်က မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်တွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ဆုံးမလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ အထက်ပါထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲယူခဲ့ပြီးနောက်ပိုင်း အာဆီယံက ချမှတ်ခဲ့သော ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ်မှစ၍ မြန်မာအစိုးရခေါင်းဆောင်များကို အာဆီယံအစည်းအဝေးများသို့ တက်ရောက်ခွင့် ကန့်သတ်ထားသည်။
ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီရှား၊ လာအို၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်တို့ ပါဝင်သော အာဆီယံ၏ လက်ရှိဥက္ကဋ္ဌမှာ မလေးရှားနိုင်ငံဖြစ်သည်။
မြန်မာနိုင်ငံတွင် မကြာမီကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၅၇ ပါတီ မှတ်ပုံတင်ထားပြီး ထိုပါတီများထဲမှ ပါတီခြောက်ခုသည် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
Ref: CNA
Photo: AFP















