မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့အရှေ့ဘက်ရှိ ဆံတော်ရှင်ကျိုက်တမော့စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အား သီတင်းကျွတ်လပြည့်ကျော် ၆ ရက် (အောက်တိုဘာ ၁၂ ရက်) မှစတင်ကာ သီတင်းကျွတ်လပြည့်ကျော် ၈ ရက် (အောက်တိုဘာ ၁၄ ရက်) အထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
သီတင်းကျွတ်လပြည့်ကျော် ၅ ရက် (အောက်တိုဘာ (၁၂) ရက်) တွင် ဆံတော်ရှင် ကျိုက်တမော့လေး စေတီတော်မုခ်ဝဖွင့်ပွဲနှင့် အလေးချိန် ပိဿာ ၆၀၀ ကျော်ရှိသည့် ခေါင်းလောင်းတော် ရေစက်ချပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“သီတင်းကျွတ်လပြည့်ကျော် ၆ ရက်နေ့မှာတော့ ဆွမ်းကြီးလောင်းလှူပွဲနဲ့ ပဒေသာပင်လောင်းလှူပွဲတွေ ကျင်းပပြုလုပ်သွားပါမယ်။ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်မှာက နှစ်ကျိပ်ရှစ်ဆူဘုရားတွေ ဒေသစာရီလှည့်လည်အပူဇော်ခံပွဲကို ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်” ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ဆံတော်ရှင်ကျိုက်တမော့စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း ကျိုက်တမော့ တောင်ပေါ်သို့ တက်ရောက်လိုသည့် ဘုရားဖူးများအနေဖြင့် ခြေလျင်ဖြင့်သာ တက်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် နံနက် ၄ နာရီမှ ညနေ ၅ နာရီအထိသာ တက်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ၎င်းဂေါပကအဖွဲ့ဝင်က ဆက်လက်ပြောကြားသည်။
“ကျိုက်တမော့ ဘုရားပွဲက ကျိုက္ခမီရေလယ်ဆံတော်ရှင်ဘုရားပွဲတော်ပြီးတာနဲ့ ဒီပွဲကို ဆက်ပြီးကျင်းပတာပါ။ ဟိုးအရင်ကဆိုရင် တောင်ပေါ်ကို ညဘက်တက်ရတယ်။ အရမ်းပျော်စရာကောင်းတယ်။ ပြီးခဲ့တဲ့ Covid ကြောင့်ရော နိုင်ငံရေးအခြေအနေတွေကြောင့် ဘုရားပွဲကို နှစ်နှစ်လောက် အကျဉ်းချုံးပဲကျင်းပခဲ့ကြတယ်လို့ သိရတယ်။ ဒီနှစ်ကလည်း ညမထွက်ရအမိန့်ကလည်းရှိနေတော့ မနက်အစောကြီးမှပဲ တောင်ပေါ်ကို တက်ဖြစ်မယ်ထင်တယ်” ဟု ကမာဝက်မြို့ခံတစ်ဦးက ပြောကြားသည်။
မုဒုံမြို့နယ် ကမာဝင်မြို့၏ အထင်ကရ ဘုရားပွဲတော်တစ်ခုဖြစ်သည့် ဆံတော်ရှင်ကျိုက်တမော့စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း သာမန်အချိန်ကာလများက အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူ သိန်းနှင့်ချီ၍ လာရောက်ကြလေ့ရှိကြောင်းနှင့် ဘုရားဖူးပြည်သူများအနေဖြင့်လည်း ဆံတော်ရှင်ကျိုက်တမော့စေတီတော်အပြင် ကမာဝက်မြို့အတွင်းရှိ ကျိုက်ဇယ်စေတီတော်နှင့် ကမာဝက်ဓာတ်တော်တိုက်များကိုလည်း ဖူးမြော်လေ့လာနိုင်ကြောင်း ကမာဝက်မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
Photo Credit - Kamawet - Mudon Information















