မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ)တံတား ကွန်ကရစ်သွန်းလောင်းတံတားဆက်ခြင်း အခမ်းအနားသို့ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာ-ကိုရီးယားနှစ်နိုင်ငံချစ်ကြည်ရေး(ဒလ) တံတား ကွန်ကရစ်သွန်းလောင်း တံတားဆက်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့(အောက်တိုဘာ ၁၀ ရက်) နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး Controller အသုံးပြု၍ ကွန်ကရစ်လောင်း တံတားဆက်ခြင်းအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှု ဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမြထွန်းဦး၊ ဒေါက်တာ ချာလီသန်းနှင့် ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရသည်။
ကွန်ကရစ်သွန်းလောင်း တံတားဆက်ခြင်း မဟာမင်္ဂလာအခမ်းအနား ပြုလုပ်မည့်နေရာသို့ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရောက်ရှိကြရာ ပြည်ထောင်စုဝန်ကြီးများနှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ အခမ်းအနားမှူးက မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး(ဒလ)တံတားနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတားတည် ဆောက်ရေးစီမံကိန်းတွင် ပါဝင်ခဲ့သည့် အင်ဂျင်နီယာအဖွဲ့များအား သစ်သီးခြင်းလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် မင်္ဂလာအချိန်တွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ က မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတားဆက်ခြင်း မဟာမင်္ဂလာအခမ်းအနားကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး Controlla အသုံးပြု၍ ကွန်ကရစ်သွန်းလောင်းတံတားဆက်ခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကွန်ကရစ်သွန်းလောင်း တံတားဆက်ထားသည့် နေရာအား အမွေးနံ့သာရည်များ ပက်ဖြန်းပေးကြကြောင်း သိရသည်။
ဆက်လက်ပြီး ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ)တံတား တည်ဆောက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားတည်ဆောက်ရေးစီမံကိန်းကို ၂၀၁၂ ခုနှစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ကိုရီယားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် မြန်မာ - ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေးစီမံကိန်းတစ်ခု အကောင်အထည်ဖော်ဆောင်ရွက်ရန်ဆွေးနွေးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စီမံကိန်းအား စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်နိုင်ရန်အတွက် အကြိုအင်ဂျင်နီယာလုပ်ငန်းများ၊ ပုံစံထုတ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တံတားတည်ဆောက်စဉ်ကာလအတွင်း ကိုဗစ် - ၁၉ ကပ်ရောဂါဖြစ်ပွားခြင်းနှင့် နှောင့်နှေးတွေ့ကြုံခဲ့ရသည့် လုပ်ငန်းအခက်အခဲများကို လက်ရှိအစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ယူထားသည့်အချိန်တွင် တံတား တည်ဆောက်ရေးလုပ်ငန်းပြီးစီးရန် နိုင်ငံတော်ဘဏ္ဍာငွေ ဖြည့်တင်းဆောင်ရွက်နိုင်ခဲ့သဖြင့် လုပ်ငန်းပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားမှာ သံမဏိကြိုးဆိုင်းတံတား Cable-Stayed Bridge အမျိုးအစားဖြစ်ပြီး လေးလမ်းသွား တံတားဖြစ်ကြောင်း၊ ပင်မတံတား အရှည်မှာ ၂၂၆၄ ပေ၊ ရန်ကုန်ဘက်ချဉ်းကပ်တံတား အရှည်မှာ ၁၈၉၁ ပေ၊ ဒလဘက်ကမ်း ချဉ်းကပ်တံတားအရှည်မှာ ၁၉၇၂ ပေ၊ ရန်ကုန် ဘက်ကမ်းနှင့် ဒလဘက်ကမ်းချဉ်းကပ် လမ်းအရှည်မှာ ၃၄၅၃ ပေဖြစ်ပြီး တံတားတစ်စင်းလုံး၏ စုစုပေါင်းအရှည်မှာ ၆၁၂၇ ပေ ဖြစ်ကြောင်း၊ မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားသည် မြန်မာနိုင်ငံရှိတည်ဆောက် ပြီးစီးခဲ့သည့် သံမဏိကြိုးဆိုင်းတံတားများအနက် ရေလမ်းကင်းလွတ်အမြင့်ဆုံး တံတား ဖြစ်ပြီး တံတားအောက်မှတန်ချိန် ၁၅၀၀၀ ရှိသည့် နိုင်ငံတကာပင်လယ်ကူးသင်္ဘောကြီး များနှင့် ပြည်တွင်းရေကြောင်းသွားသင်္ဘောကြီးများ ဖြတ်သန်းအသုံးပြုနိုင်ရန် တံတား ကင်းလွတ်အမြင့်ပေ ၁၆၀၊ အကျယ် ၉၉၀ ရှိကြောင်း၊ တံတား၏ ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ပြီး မြန်မာအင်ဂျင်နီယာ များအနေဖြင့် သံမဏိကြိုးဆိုင်းတံတား ဆိုင်ရာပုံစံထုတ်ခြင်း၊ တည်ဆောက်ခြင်း၊ ခေတ်မီနည်းပညာများ နည်းစနစ်များနှင့် အတွေ့အကြုံများကိုရရှိခဲ့ကြောင်း သိရသည်။
ယခုတံတားကြီး အချောသတ်တည်ဆောက်ပြီးစီး ဖွင့်လှစ်ခဲ့ပါက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့မှ ဒလ၊ တွံတေး၊ ကော့မူး၊ ကွမ်းခြံ ကုန်းမြို့နယ်များသို့ လည်းကောင်း၊ ဒေးဒရဲမှတစ်ဆင့် ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးမြို့နှင့် ကမ်းခြေဒေသများ အပါအဝင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့များသို့လည်းကောင်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆိုမှု များသည်လည်း အတိုင်းအတာတစ်ခုအထိ လျော့ပါးသက်သာသွားစေမည်ဖြစ်ကြောင်း၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင် ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အပါအဝင် ကဏ္ဍပေါင်းစုံ၌ ဖွံ့ဖြိုးတိုးတက်လာပြီး ရန်ကုန်မြို့၏ အထင်ကရပြယုဂ် (Landmark)တစ်ခုလည်း ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။















